ထားဝယ်၊ နိုဝင်ဘာ (၂၇)

ကရင်အမျိုးသားအစည်းအရုံး(KNU) ဘိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေထဲမှာ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားတာတွေ အဆက်မပြတ် ပြုလုပ်နေတဲ့အတွက်ကြောင့် တိုက်ပွဲတွေဖြစ်ပွားလျက်ရှိပြီး အခုလ (၁၆)ရက်တာအတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ နီးပါး သေဆုံးခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။

KNU ဘိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေဖြစ်တဲ့ လယ်ကဆော၊ လယ်မူလား၊ ကစယ်ဒို၊ တနောသရီနဲ့ လယ်ဒိုးစိုးမြို့နယ်တွေအတွင်းကို စစ်ကောင်စီရဲ့ ခလရ-၂၂၄၊ ခမရ-၅၅၉၊ ခမရ-၅၆၀၊ ခမရ-၂၈၁၊ ခမရ-၅၅၇၊ ခမရ-၅၅၈၊ ခမရ-၅၆၁ တပ်ရင်းတွေနဲ့ အခြားသောတပ်ရင်းတွေက စစ်ရေးလှုပ်ရှားမှုတွေ အဆက်မပြတ်ပြုလုပ်နေတာကြောင့် KNLA KNDO ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားလျက်ရှိတာပါ။

အခုလ နိုဝင်ဘာလ(၁)ရက်နေ့ကနေ (၁၆)ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်း အကြိမ်(၃၀)ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၄၈)ဦးသေဆုံးကာ (၂၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ပူးပေါင်းတပ်ဖွဲ့တို့ဘက်ကတော့ (၂)ဦးကျဆုံးခဲ့ပြီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ဆိုပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေ ဘိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေထဲမှာ အခုနှစ် ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာ(၁၆)ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ KNLA KNDO ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်း (၁၂၃)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၂၄၆)ဦးသေဆုံးခဲ့ကာ (၂၃၉)ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း KNLA KNDO ပူးပေါင်းတပ်ဖွဲ့တို့ဘက်က (၁၄)ဦး ကျဆုံးခဲ့ရသလို (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ ထုတ်ပြန်ထားချက်ကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.