လာအို၊ နိုဝင်ဘာ (၂၇)

ပြည့်တာဆာလုပ်ငန်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေ အပါအဝင် ရာဇဝတ်မှုတွေများစွာရှိတဲ့ လာအိုနိုင်ငံ မြောက်ပိုင်းက ရွှေတြိဂံ အထူးစီးပွားရေးဇုန်အတွင်းရှိ ကိစ္စရပ်တွေကို ရပ်တန့်ဖို့ လာအို အာဏာ ပိုင်တွေမှာ အစွမ်းအစမရှိဘူးလို့ အလုပ်သမားတွေနဲ့ ရဲတပ်ဖွဲ့က ဝေဖန်လိုက်ပါတယ်။

မဲခေါင်မြစ်တလျှောက် လာအို၊ မြန်မာနဲ့ ထိုင်းနိုင်ငံတို့ ဆုံရာ ဘိုကီအို Bokeo ခရိုင်ဟာ တရုတ်နိုင်ငံသားတွေ အတွက် လောင်းကစားနဲ့ ခရီးသွားလုပ်ငန်း အချက်အချာနေရာတစ်ခုဖြစ်ပြီး အဲဒီနေရာကို တရုတ်ကိုလိုနီ နယ်မြေအဖြစ် သတ်မှတ်ခေါ်ဝေါ်နေတာပါ။

အဲဒီ အထူးစီးပွားရေးဇုန်အတွင်း လာအိုအာဏာပိုင်တွေရဲ့ဝင်ရောက်ခွင့် ကန့်သတ်ထားတာလည်း ဖြစ်ပါတယ်။ အာဏာပိုင်တွေအနေနဲ့  ဇုန်သို့ ဝင်ရောက်လိုပါက ဟောင်ကောင်အခြေစိုက် ဒေ့ါနီယူခမ် လုပ်ငန်းစု ပိုင်ဆိုင်တဲ့ တရုတ်ပိုင် Kings Romans ကာစီနိုက တာဝန်ရှိသူတွေထံကနေ ခွင့်ပြုချက် လိုအပ်နေတာပါ။

အကျယ်ဝန်း ၃၀၀၀ ဟက်တာ ရှိတဲ့ အထူးဇုံအတွင်းရှိ လုပ်ငန်းတွေရဲ့အကျိုးအမြတ် ၈၀ ရာခိုင်နှုန်းကို အဲဒီ ဒေ့ါနီယူခမ် လုပ်ငန်းစုကရရှိပြီး လာအိုအစိုးရကတော့ ၂၀ ရာခိုင်နှုန်းသာ ရရှိတာ ဖြစ်ပါတယ်။
“ဇုန်ထဲမှာ အလုပ်သမားတွေ ပြဿနာရှိတယ်ဆိုပါစို့။ ဒီလိုဆို သူတို့က ဇုန်အတွင်းက အာဏာပိုင်တွေကိုပဲ ခေါ်ရမှာဆိုတော့ ဘိုကီအိုရဲတွေက သူတို့ကို မကူညီနိုင်ဘူး”လို့ ဇုန်အတွင်း အလုပ်လုပ်ကိုင်သော လူတစ်ဦးက RFA သတင်းဌာနကို ပြောပါတယ်။

အကူအညီလိုအပ်နေတဲ့ လာအိုနဲ့ နိုင်ငံခြားအလုပ်သမားတွေဟာ သူတို့ထိန်းချုပ်မှုအောက်မှာသာ ရှိနေတာဖြစ် တာကြောင့်ဇုန်အတွင်း အာဏာပိုင်တွေထံသာ ဆက်သွယ်ရမယ်လို့ ဘိုကီအို ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့ပါတယ်။

“ပုံမှန်အားဖြင့် အထူးစီးပွားရေးဇုန်ယူနစ်တွေရှိပြီး သူတို့ဟာ အတွင်းပိုင်းပြဿနာတွေကို ဖြေရှင်းပေးတဲ့ သူတွေ ပါ။ ပြင်းထန်တဲ့ ဖြစ်ရပ်တွေရှိရင် ဇုန်အတွင်းက အဆင့်မြင့် အာဏာပိုင်တွေကို တိုင်ကြားပါ” လို့ ဆိုပါတယ်။

ရွှေတြိဂံ အထူးစီးပွားရေးဇုန်ကို ၂၀၀၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဒေါ့နီယူခမ် လုပ်ငန်းစုနဲ့ တရုတ် ဥက္ကဌ ဂျောင်ဝေ တို့က ဦးစီးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

အထူးစီးပွားရေးဇုန်တွေဟာ နိုင်ငံတော်အဆင့် စီးပွားရေးစည်းမျဉ်းအများစုက ကင်းလွတ်ခွင့်ရတဲ့ စီးပွားရေး နယ်ပယ်တွေဖြစ်ပြီး အစိုးရဘက်မှ မကြာခဏ အခွန်လျှော့ပေါ့ပေးထားပြီး ဇုန်အတွင်း အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေကိုလည်း မတူညီတဲ့ ဥပဒေတွေနဲ့ အုပ်ချုပ်နေတာပါ။

၂၀၁၈ ခုနှစ်မှာတော့ အမေရိကန်ဘဏ္ဍာရေးဌာနက ဂျောင်ဝေရဲ့စီးပွားရေးကွန်ရက်ကို “နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုအဖွဲ့အစည်း” အဖြစ်ကြေငြာခဲ့ပြီး သူအပါအဝင် လာအို၊ ထိုင်းနဲ့ ဟောင်ကောင်တစ်ဝှမ်းရှိ အခြား ပုဂ္ဂိုလ်တွေနဲ့ ကုမ္ပဏီသုံးခုကို ဒဏ်ခတ်အရေးယူခဲ့ပါတယ်။

ရွှေတြိဂံ အထူးစီးပွားရေးဇုန်ကို ဦးဆောင်လုပ်ကိုင်ခဲ့တဲ့ ဂျောင်ဝေရဲ့လုပ်ငန်းစုဟာ မူးယစ်ဆေးဝါးကုန်ကူးမှု၊ လူမှောင်ခိုကူးမှု၊ ငွေကြေးခဝါချမှု၊ လာဘ်ပေးလာဘ်ယူမှုနဲ့ တောရိုင်းတိရိစ္ဆာန်ကုန်ကူးမှုစတဲ့ ပြစ်မှုတွေကို အထူးစီးပွားရေးဇုန်တည်ရှိတဲ့ King Romans ကာစီနိုမှတဆင့် အလွယ်ကူပဲ ကျူးလွန်နေတာလို့  ပိတ်ဆို့အရေးယူတွေကို ဆောင်ရွက်ခဲ့တဲ့ အမေရိကန် ဘဏ္ဍာရေးဌာနက ပြောကြားခဲ့ပါတယ်။
Ref; RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.