မော်လမြိုင်၊ နိုဝင်ဘာ (၂၇)

မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေး အခြေအနေကြောင့် ကွမ်းရွက်မခူးရဲတာအပြင် စိုက်ပျိုးသူ နည်းပါးလာတာကြောင့် ကွမ်းရွက်ဈေးနှုန်း ၃ ဆနီးပါး မြင့်တက်လာတယ်လို့ ကွမ်းရွက်အရောင်းအဝယ်ဒိုင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကွမ်းရွက်ဈေးနှုန်းဟာ ပြီးခဲ့တဲ့လတွေအတွင်း တစ်ပိဿာကို ကျပ် (၂၅၀၀) ဝန်းကျင်သာ ပေါက်ဈေးရှိရာကနေ နိုဝင်ဘာ နောက်ဆုံးအအပတ်မှာတော့ တစ်ပိဿာကို ကျပ်(၇၀၀၀) ဝန်းကျင်ထိ ဈေးနှုန်း ဆက် လက် မြင့်တက်လာတာ ဖြစ်ပါတယ်။

ကွမ်းရွက်ဈေးနှုန်းဟာ လုံခြုံရေး အခြေအနေအရ တောထဲရှိ ကွမ်းခြံတွေထဲမှ ကွမ်းရွက်တွေကို မခူးရဲတာကြောင့် ကွမ်းရွက်ထွက်ရှိမှုနည်းလာသလို လက်ရှိမှာလည်း ကွမ်းရွက်အထွက်နည်းတဲ့ ကာလဖြစ်တာကြောင့် ဈေးနှုန်းအရင်ကထက် ပိုမိုမြင့်တက်လာတာ ဖြစ်ပါတယ်။

ကွမ်းရွက်ဈေးနှုန်း ၃ ဆနီးပါး မြင့်တက်လာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကွမ်းရွက်အရောင်းအဝယ်ဒိုင် တစ်ဦးက အခုလိုပဲပြောပါတယ်။“မငြိမ်မသက် ဖြစ်နေတော့ တောထဲက ကွမ်းခြံတွေက ခူးလို့ မရဲတော့ဘူးလေ။ အဲဒါကြောင့်မို့ တောထဲက ကွမ်းခြံတချို့ ဟိုမိုးတွင်းတုန်းက လေတိုက်ပြိုတဲ့ ဟာတွေလည်း ပြန်မပြင်တော့ဘူးလေ၊ ကြောက်ကြတာပေါ့။ အဲဒါကြောင့်မို့ ကွမ်းတွေက ဒီရွာနီးချုပ်စပ် လောက်ကပဲ ခူးရတယ်ဆိုတော့ ကွမ်းက တအားနည်းသွားပြီလေ။ အဲဒီမှာ ဈေးနည်းနည်း တက်သွားတာပေါ့။ ပုံမှန် မထွက်သေးဘူး၊ အထွက်နည်းတဲ့ကာလပေါ့။ အခုမှ နတ်တော်လဘဲ ရောက်ခါစကို။ သူက တပို့တွဲရဲ့ နောက်ပိုင်းကိုတော့ အထွက်များတဲ့ ကာလပေါ့။ စောစောပိုင်းက (၂၅၀၀)ကနေပြီးတော့ (၅၀၀၀)၊ (၅၀၀၀)ကနေပြီးတော့ (၆၄၀၀)၊ အခု လက်ရှိမှာ (၇၀၀၀)လောက် ဖြစ်သွားတာပေါ့။ ကွမ်းရွက်ဈေးကတော့ တက်တာမှ တော်တော်လေးတက်နေတာ ”လို့ ဆိုပါတယ်။

ဒါ့အပြင် ကွမ်းရွက်ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်နေပေမယ့် ကျေးရွာတွေအတွင်း ကွမ်းရွက်ခူး လုပ် သားတွေ နည်းပါးတာကြောင့် လိုသလောက် ခူးယူရောင်းချလို့မရပေမယ့် ဈေးကွက်အတွင်း ကွမ်းရွက်သုံးစွဲသူများတာကြောင့် ဝယ်လိုအားတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။

တစ်ဖက်မှာတော့ ကွမ်းရွက်စိုက်ပျိုးသူတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် သွင်းအားစု ဓါတ်မြေသြဇာအပါအဝင် စက်သုံးဆီဈေနှုန်း အဆမတန် မြင့်တက်လာနေတဲ့အတွက် စိုက်ပျိုးသူ နည်းပါးလာတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ ကွမ်းရွက်တွေကို ကျိုက်ထိုနဲ့ ဘီးလင်းမြို့နယ်တို့မှာ အဓိက စိုက်ပျိုးနေတာ ဖြစ်ပြီး ထွက်ရှိလာတဲ့ ကွမ်းရွက်တွေကို တိုင်းနဲ့ပြည်နယ်တချို့ကို တင်ပို့ရောင်းချနေတာပါ။

သတင်း – သံလွင်တိုင်းမ်

3033033 comments9 sharesLikeCommentShare

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.