ထားဝယ်၊ နိုဝင်ဘာ (၂၇)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ထားဝယ်အကျဉ်းထောင်ထဲမှာ နိုဝင်ဘာ ၂၆ ရက်နေ့ နေ့လည် ပိုင်းက နိုင်ငံရေးအကျဉ်းသားတစ်ဦး လည်မြိုဓါးထိုးခံရပြီး သေဆုံးခဲ့တယ်လို့ ထားဝယ်အကျဉ်း ထောင်နဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဓါးနဲ့ ထိုးခံရသူဟာ ထားဝယ်၊ ကြက်စာပြင်ရပ်ကွက်နေ အသက် ၄၅ နှစ်အရွယ် ကိုမောင်နိုင်(ခ)နိုင်ဦး ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ၅၀၅(က)အပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ တို့နဲ့ ထောင်ဒဏ် ၉ နှစ် ကျခံနေရတာ ဖြစ်ပါတယ်။

ကိုမောင်နိုင်(ခ)နိုင်ဦးကို ဓါးနဲ့ထိုးခဲ့တဲ့သူဟာ လူသတ်မှုနဲ့ထောင်ကျနေသူ သရက်ချောင်းမြို့နယ်၊ ပန်းပြင် ကျေးရွာနေ အသက် ၂၅ နှစ်အရွယ် တောကြောင်ဆိုသူဖြစ်တယ်လို့ သိရပါတယ်။ဒီနေ့ နေ့လယ် ၁၂ နာရီလောက်မှာ ကိုမောင်နိုင်(ခ)နိုင်ဦးက အခန်းဖော်တစ်ဦးနဲ့ ကျားထိုးနေစဉ် တော ကြောင်ဆိုသူက ၆ လက်မအရွယ်ရှိ ဓါးချွန်နဲ့ ကိုမောင်နိုင်(ခ)နိုင်ဦးရဲ့ လည်မြိုကို ဝင်ရောက်ထိုးစိုက်ခဲ့တာ ဖြစ်ပါတယ်။

ဓါးနဲ့လည်မြို ထိုးခံရတာကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ ကိုမောင်နိုင်(ခ)နိုင်ဦးကို ထောင်အာဏာပိုင်တွေက ထားဝယ်ပြည်သူ့ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ထားပြီး သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဓါးနဲ့ထိုးခဲ့သူ တောကြောင်ဆိုသူကို အကျဉ်းထောင်ဝန်ထမ်းတွေက ရိုက်နှက်ဖမ်းဆီးပြီး နောက် တိုက်ပိတ်ထားတယ်လို့ သိရပါတယ်။

အကျဉ်းထောင် လက်စွဲဥပဒေအရ ထောင်ထဲမှာ အကျဉ်းသားတွေဟာ ဓါးအပါအဝင် ချွန်ထက်တဲ့ မည်သည့် ပစ္စည်းမဆိုကိုင်ဆောင်ခွင့် ကန့်သတ်ထားတာ ဖြစ်ပါတယ်။

ထားဝယ်အကျဉ်းထောင်ထဲမှာ အခုနှစ်နှစ်ဆန်းပိုင်းကလည်း အကျဉ်းသားတစ်ဦး ဓါးထိုးခံရပြီး ဝမ်းဗိုက် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ဖူးတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.