မော်လမြိုင်၊ နိုဝင်ဘာ (၂၆)ပြည်တွင်းရွှေဈေးနှုန်းတွေ ကျဆင်းလာဖို့အတွက် ရွှေဒင်္ဂါးတွေ ရောင်းချပေးရာမှာ စီးပွားရှာသူတွေ ပါဝင်နေတာကြောင့် ရွှေဒင်္ဂါးဝယ်ယူသူတွေရဲ့ ဝင်ငွေရလမ်းတွေကို စစ်ဆေးမယ်လို့ စစ်ကောင်စီဘက် ပြောဆိုလာတာပါ။
စစ်ကောင်စီ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဟာ ပြည်တွင်း ရွှေဈေးနှုန်း ကျဆင်းလာဖို့အတွက်ဆိုပြီး ပြီးခဲ့တဲ့ စက်တင်ဘာလစပြီး နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးတို့မှာ ရွှေဒင်္ဂါးတွေ ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီရွှေဒင်္ဂါးတွေ ရောင်းချပေးရမှာ စီးပွားရှာဝယ်ယူသူတချို့ဟာ အခြေခံ လက်လုပ်လက်စား လူတန်း စားတွေကို နောက်ကွယ်ကနေ ငွေကြေး စိုက်ထုတ်ကာ ရွှေဒင်္ဂါးတွေ ဝယ်ယူခိုင်းပြီး အဲဒီရွှေတွေကို အ ရည်ကြိုကာ အထည်ပျက်အဖြစ် အမြတ်ရှာရောင်းချတာတွေ ရှိလာတယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးကတော့ ရွှေဒင်္ဂါး ဝယ်ယူသူတွေရဲ့ ဝင်ငွေရလမ်းကို စစ်ဆေးဖို့ လုပ်ဆောင်တာဟာ စစ်ကောင်စီက ဘာကို ဦးတည်ပြီး လုပ်ဆောင်နေလည်းဆိုတာကို မသိရသလို ဈေးကစားတဲ့လူနဲ့ နယ်စပ်ဖြတ်ကျော်ကို ထိန်းချင်လို့ လုပ်ဆောင်တာလား ဆိုတာကိုလည်း မသိရဘူး ဖြစ်နေတယ်လို့ ပြောပါတယ်။
“အဲဒါ ဌာနဆိုင်ရာက လုပ်တာဆိုတော့ ကျွန်တော်တို့လည်း သိပ်ပြောလို့ မရဘူးဗျ။ ဘာကို ဦးတည် လုပ်နေမှန်းမသိဘူး။ ခုနကလို ဈေးကစားတဲ့လူကို ထိန်းတာလား။ ကျွန်တော်တို့ နယ်စပ်ဖြတ်ကျော်ကို ထိန်းတာလား။ အဲဒါကြီးကို ကျွန်တော်တို့ မသိဘူးဖြစ်နေတယ်။ အခုလောလောဆယ်ကတော့ နယ်စပ် ဖြတ်ကျော်လည်း မရှိဘူးဗျ။ ဈေးကစားတာလည်း မရှိဘူး။ ဈေးကစားတယ်ဆိုတာလည်း ရွှေဈေးတက်မှ ဒင်္ဂါးဈေးတက်မှ ကစားလို့ရတာလေ။ အခုက ကျဈေးနဲ့ဆိုတော့ ဘယ်လိုမှကစားလို့ မရဘူး။ ဒီအချိန်မှာ ကစားမယ်ဆိုရင် ဝယ်တဲ့ကောင်က ခွေးဖြစ်သွားမှာဘဲ”လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ပြည်တွင်းရွှေဈေးနှုန်းတွေ ထိန်းချုပ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရွှေလုပ်ငန်းရှင်တွေထဲက ဘဏ်တွေမှာ ငွေကြေးထုတ်ယူမှုများတဲ့ သူတွေကို ငွေကြေးခဝါချမှု ရှိ၊မရှိ စစ်ဆေးတာတွေ ပြုလုပ်ခဲ့သလို ရွှေဈေးကစားတာ ရှိ၊မရှိကိုလည်း စစ်ဆေးမေးမြန်းတာတွေ လုပ် ဆောင်ခဲ့တာပါ။
ရွှေလုပ်ငန်းရှင် တစ်ဦးကတော့ စစ်ကောင်စီက ပြောဆိုထားတဲ့ လုပ်ငန်းရှင်တွေက ရွှေဒင်္ဂါးတွေကို အရည်ကြိုပြီး အထည်ပျက်အဖြစ် အမြတ်ရှာရောင်းချမှုတွေ လုပ်ဆောင်နေတယ်ဆိုတာ မဖြစ်နိုင်သလို ရွှေဒင်္ဂါးတွေကလည်း အခေါက်ရည် မဟုတ်တာကြောင့် အရည်ကျိုပြီး အကျိုးအမြတ်ရှာဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
“သူတို့ ရွှေဒင်္ဂါးကိုဝယ်ပြီး အကျိုးအမြတ်ရှာဖို့ ဆိုတာတော့ လုပ်ငန်းရှင်တွေက မလုပ်လောက်ဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ လုပ်ငန်းရှင်တွေက လုပ်စရာကို မလိုတာလေ။ ရွှေဈေးအတက်၊အကျပေါ် မူ တည်ပြီးတော့ တကယ့်လုပ်ငန်းရှင် အကြီးကြီးတွေ ဆိုလို့ရှိရင် အရမ်းအကျိုးအမြတ်ရတာကိုး။ ဥပမာ- ရွှေဈေးတက်သွားပြီဆိုလို့ရှိရင် မြန်မာနိုင်ငံက လူတွေက ရွှေလိုက်ဝယ်ကြတယ်။ ဝယ်ကြတော့ အဲဒီမှာ ချက်ချင်း သူတို့က စရန်ပေးဘာညာပုံစံနဲ့ပဲ ပစ္စည်းက တစ်ပတ်နေမှ အပ်မယ်လို့ ပြောတယ်။ တစ်ပတ်နေတဲ့ အချိန်မှာပစ္စည်းအပ်နိုင်တဲ့ အချိန်မှာ ရွှေဈေးကကျနေပြီ။ သူတို့ရဲ့ ဒင်္ဂါးပြားနဲ့က လုပ်စရာမလိုဘူးပေါ့နော်။ ပြီးတဲ့ အခါကျတော့လည်း ဒင်္ဂါးပြားကလည်း အရည်ကအခေါက်ရည် မဟုတ်ဘူးလေ။ ပြောရမယ်ဆိုရင် (၁၅)ပဲပေါ့နော်။ ဒါပေမယ့် သေချာပြန်ကျိုရင်တော့ ဈေးကွက်ထဲမှာ ပြောကြတာက (၁၄)ပဲ(၂)ပြားရည်လောက်ပဲ ရှိတယ်ဆိုပြီးပြောကြတော့ ဒင်္ဂါးပြားကို ပြန်ကျိုပြီးတော့ အကျိုးအမြတ်ရှာဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ”လို့ ဆိုပါတယ်။
စစ်ကောင်စီကတော့ ရွှေဈေးနှုန်း ကျဆင်းစေရန် အတွက်ဆိုပြီး ရွှေဒင်္ဂါးတွေကို အလေးချိန် အလိုက် တစ်ကျပ်သား၊ ငါးမူးသားနဲ့ တစ်မတ်သား ဆိုပြီး (၃)မျိုး ရောင်းချ ပေးနေသလို ရောင်းချတဲ့ နေရာမှာလည်း ပြင်ပပေါက်ဈေး အတိုင်း ရောင်းချနေတာ ဖြစ်တယ်လို့ ရွှေအရောင်းအဝယ် ပြုလုပ်နေသူတွေက ပြောပါတယ်။
လက်ရှိ ပြည်တွင်း ရွှေဈေးနှုန်ဟာ ဒေါ်လာဈေးနှုန်းနဲ့ ကမ္ဘာ့ ရွှေဈေးနှုန်း အနည်းငယ် တည်ငြိမ်မှု ရှိနေတာကြောင့် မီးလင်း အခေါက်ရွှေ တစ်ကျပ်သားကို (၂၆)သိန်းကျော် အမြင့် ဈေးနှုန်းမှာပဲ ဆက်ရှိနေပြီး ဈေးကွက်အတွင်း အရောင်းများကာ ရွှေဝယ်စုဆောင်သူတွေ နည်းနေတယ်လို့ သိရပါတယ်။
ပြည်တွင်း ရွှေဈေးနှုန်းတွေဟာ စစ်အာဏာမသိမ်းခင် NLD အစိုးရ လက်ထက်က မီးလင်း အခေါက်ရွှေ တစ်ကျပ်သားကို (၁၃)သိန်း ဝန်းကျင်သာရှိခဲ့ရာမှ အာဏာသိမ်းပြီးနောက် ရွှေဈေးနှုန်းတွေဟာ (၃)ဆ နီးပါးထိ မြင့်တက်ခဲ့သလို ဈေးနှုန်း မတည်ငြိမ်မှုတွေကလည်း မကြာခဏဆိုသလို ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်