သရက်ချောင်း၊ နိုဝင်ဘာ (၂၆)

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ဝင်းကဖော်ကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံလိုက်ရတဲ့ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးက တပ်ခွဲမှူး ရဲဘော်သံတိုင်ဟာ စစ်ကြောရေးမှာ ကျဆုံးသွားတယ်လို့ ထားဝယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က နိုဝင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ မနက် ၉ နာရီလောက်မှာ တောင်ပျောက်တိုက်နယ်၊ ဝင်းကဖော်ကျေးရွာဘက်ကို ရဲဘော်သံတိုင် အပါအဝင် PDF ရဲဘော် ၄ ဦးဟာ ဆိုင်ကယ် ၂ စီးနဲ့အတူ အလုပ်ကိစ္စတဲ့အတွက်သွားစဉ် ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်နဲ့ ထိပ်တိုက်တွေ့ပြီး ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

အဲဒီနောက် ဖမ်းဆီးခံလိုက်ရတဲ့ PDF ရဲဘော် ၄ ဦးကို စစ်ကောင်စီတပ်က စစ်ကြောရေးသို့ ပို့ဆောင်ခဲ့ပြီးနောက် နိုဝင်ဘာ ၁၃ ရက်နေ့မှာ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးက တပ်ခွဲမှူး ရဲဘော်သံတိုင် ကျဆုံးခဲ့ရတာပါ။

စစ်ကြောရေးမှာ ကျဆုံးသွားတဲ့ ရဲဘော်သံတိုင်ရဲ့ရုပ်အလောင်းကိုတော့ စစ်ကောင်စီဘက်က မိသားစုဝင်တွေထံ ပြန်မပေးခဲ့ဘူးလို့ Dawei Defense Team တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

တပ်ခွဲမှူး ရဲဘော်သံတိုင်နဲ့အတူ ဖမ်းဆီးခံလိုက်ရတဲ့ PDF ရဲဘော် ၃ ဦးကိုတော့ စစ်ကောင်စီတပ်က ရိုက်နှက်နှိပ်စက်ပြီးနောက် ထားဝယ်အချုပ်ထောင်သို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

တပ်ခွဲမှူး ရဲဘော်သံတိုင်နဲ့အတူ၊ ရဲဘော်ကျော်ထိုက်၊ ရဲဘော်ရန်ဘို၊ ရဲဘော် ဘိုချေတို့ဟာ ဖမ်းဆီးခံရစဉ် ပစ္စတိုသေနတ် ၃ လက်၊ ကျည်အိမ် ၄ ခု၊ ကျည်ဆန် ၆၈ တောင့်၊ စကားပြောစက် ၁ လုံး၊ ဖုန်း ၂ လုံး၊ ဆိုင်ကယ် ၂ စီးနဲ့အတူ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

တပ်ခွဲမှူး ရဲဘော်သံတိုင် ကျဆုံးမှုအပေါ် ဝမ်းနည်းကြောင်းနဲ့ အာဇာနည်သူရဲကောင်းအဖြစ် ဂုဏ်ယူအလေးပြုကြောင်း ထားဝယ်မြို့နယ်ပြညိသူ့ကာကွယ်ရေးအဖွဲ့ ၇ ဖွဲ့က စုပေါင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.