ဂန့်ဂေါ – နိုဝင်ဘာ(၂၅)

မကွေးတိုင်း ဂန့်ဂေါမြို့နယ်က ဆောက်လုပ်ရေးလုပ်သား(လက်သမား) တစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားပြီး နှိပ်စက်သတ်ဖြတ်လိုက်တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ(၂၄) ရက်နေ့က စစ်ကောင်စီစစ်ကြောင်းဟာ ရှုံးရှီရွာကို ဝင်ရောက်လာပြီးနောက် လက်သမားဆရာ ကိုခိုင်ဇော်သန်းကို ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်လိုက်တာပါ။

လက်သမားဆရာ ကိုခိုင်ဇော်သန်းကို ခလရ-၅၀ ကထွက်လာတဲ့ စစ်ကြောင်းက ဖမ်းဆီးပြီးနောက် ခေါင်းနဲ့ ရင်အုံကို သေနတ်နဲ့ပစ်ခတ်သွားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြော ပါတယ်။

စစ်ကောင်စီရဲ့ နှိပ်စက်သတ်ဖြတ်ခံလိုက်ရတဲ့ ကိုခိုင်ဇော်သန်းဟာ သေဆုံးချိန်မှာ အသက်(၃၅) နှစ် အရွယ်ရှိပြီဖြစ်ပြီး ကလေးနှစ်ယောက်ကျန်ခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ နိုဝင်ဘာလ(၂၅) ရက်နေ့မှာလည်း စစ်ကောင်စီ ခလရ-၅၀ ထဲကနေ ၁၂၀-မမ လက်နက်ကြီး တွေနဲ့ လုံဟောရွာဘက်ကို အကြောင်းမဲ့ပစ်ခတ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းအကြမ်းဖက်သတ်ဖြတ်ခံရပြီး ကျဆုံးခဲ့သူ (၂၅၃၃) ဦးအထိရှိလာကာ ဖမ်းဆီးခထိန်းသိမ်းခံထားရသူလည်း (၁၆၄၂၆) ဦးရှိတယ်လို့ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.