ရန်ကုန်၊ နိုဝင်ဘာ (၂၆)

နိုင်ငံတော်အာဏာကို သိမ်းယူထားတဲ့ စစ်ကောင်စီက အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုတဲ့အကြောင်း ပြချက်နဲ့ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်တွေ ပေးအပ်တာဟာ စည်းရုံးသိမ်းသွင်းဖို့ ကြိုးပမ်းနေတာလို့ နိုင်ငံရေးသမားတွေနဲ့ လေ့လာသုံးသပ်သူတွေက ဝေဖန်လိုက်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံတာဝန်တွေကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေ ချီးမြှင့်ခဲ့တာပါ။

စစ်ကောင်စီ ချီးမြှင့်ခဲ့တဲ့ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေထဲမှာ နိုဝင်ဘာ ၂၃ ရက်နေ့အထိ ထုတ်ပြန်ချက်တွေအရ ပြည်ထောင်စု စည်သူသင်္ဂဟဘွဲ့ ၉၀ ကျော်နဲ့ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ ၃၈၀ ကျော် ပါဝင်ပါတယ်။

ပြည်ထောင်စု စည်သူသင်္ဂဟဘွဲ့ တွေထဲက အမြင့်ဆုံးဖြစ်တဲ့ မဟာသရေစည်သူဘွဲ့ကို ဒုတိယစစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ၁၉၄၈ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်ကာလအတွင်း နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒုတိယဝန်ကြီးချုပ် ဦးကျော်ငြိမ်းတို့ကို ပေးအပ်ခဲ့တာပါ။

စည်သူဘွဲ့ကိုတော့ နဝတအစိုးရလက်ထက်က အဖွဲ့ဝင်နှစ်ဦးအပါအဝင် လက်ရှိ စစ်ကောင်စီအဖွဲ့ဝင်တွေ၊ ကာကွယ်ရေးဝန်ကြီးဌာနက တပ်မတော်အရာရှိတစ်ချို့နဲ့ ရုရှားကာကွယ်ရေးဝန်ကြီးတို့ကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

အခြားသော ဆုတံဆိပ်တွေဖြစ်တဲ့ တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်၊ စီးပွားထူးချွန် တံဆိပ်များနဲ့ ပညာရပ်ဆိုင်ရာ ထူးချွန်တံဆိပ်တွေကိုလည်း ရာနဲ့ချီ ချီးမြှင့်ခဲ့ပါသေးတယ်။နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ အာဏာသိမ်း စစ်ကောင်စီအနေနဲ့ အခုလို ဘွဲ့တံဆိပ်တွေ ချီးမြှင့်တာဟာ လာမယ့် ရွေးကောက်ပွဲအတွက် စစ်အုပ်စုဘက်ပါအောင် စည်းရုံးသိမ်းသွင်းတာလို့ ဝေဖန်တာပါ။

“အဓိကအားဖြင့် ပြောရရင် မကြာခင်မှာ သူတို့ (စကစ) စီစဉ်ထားတဲ့ ရွေးကောက်ပွဲကျင်းပတော့မှာဖြစ်တဲ့အတွက် သေဆုံးတဲ့သူတွေရော ရှိနေတဲ့သူတွေရော သူတို့နဲ့ ပတ်သက်တဲ့ အဝန်းအဝိုင်းတွေပါ အကုန် လုံး တတ်နိုင်သမျှ ဒီအစိုးရအဖွဲ့ကို တတ်နိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးဖို့အတွက် ခါတိုင်းနှစ်ထက်ပိုပြီးတော့ သူတို့အနေနဲ့ လူများများစားစားကို ဘွဲ့တံဆိပ်တွေ ချီးမြှင့်တာက သူတို့ဘက်ကိုပါအောင် စည်းရုံးသိမ်းသွင်းတာလို့ ကျွန်တော့်အနေနဲ့ ယေဘုယျအားဖြင့် ကောက်ချက်ချပါတယ်” လို့ သူက ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်ကို ၂ နှစ် အရေးပေါ်ကာလအဖြစ် ကြေညာထားတဲ့ စစ်ကောင်စီရဲ့ သက်တမ်းဟာ လာမယ့်နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကုန်ဆုံးတော့မှာပါ။အဲဒီသက်တမ်းကုန်ဆုံးပြီးရင်တော့ စစ်ကောင်စီက တရားဝင်အသိအမှတ်ပြုခွင့်ရဖို့ ဩဂုတ်လမှာ အ ထွေထွေရွေးကောက်ပွဲတစ်ရပ်ကျင်းပပြီး အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးမယ်လို့ အမြဲလိုလို ပြောဆိုနေတာပါ။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီး စိန်ဝင်းကလည်း စစ်ကောင်စီရဲ့ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ပေးအပ်ချီးမြှင့်မှုဟာ အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်က ပုံဖော်ခဲ့တဲ့ အခင်းအကျင်းပုံစံသာ ဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။

“အဓိကအားဖြင့် ပြောရရင် မကြာခင်မှာ သူတို့ (စကစ) စီစဉ်ထားတဲ့ ရွေးကောက်ပွဲ ကျင်းပတော့မှာဖြစ်တဲ့အတွက် သေဆုံးတဲ့သူတွေရော၊ ရှိနေတဲ့သူတွေရော သူတို့နဲ့ပတ်သက်တဲ့ အဝန်းအဝိုင်းတွေပါ အကုန်လုံးတတ်နိုင်သမျှ ဒီအစိုးရအဖွဲ့ကို တတ်နိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးဖို့အတွက် ခါတိုင်းနှစ်ထက်ပိုပြီးတော့ သူတို့အနေနဲ့ လူများများစားစားကို ဘွဲ့တံဆိပ်တွေ ချီးမြှင့်တာက သူတို့ဘက်ကို ပါအောင် စည်းရုံးသိမ်းသွင်းတာလို့ ကျွန်တော့်အနေနဲ့ ယေဘုယျအားဖြင့် ကောက်ချက်ချပါတယ်” လို့ သူက ဆိုပါတယ်။

စစ်ကောင်စီ ချီးမြှင့်ခဲ့တဲ့ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေကို ရရှိခဲ့ကြသူတွေထဲမှာ တိုင်းနဲ့ပြည်နယ်အသီးသီးက ဝန်ကြီးချုပ်တွေ၊တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့က ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေအပါအဝင် ငြိမ်းချမ်းရေးအကျိုးဆောင်တွေကိုလည်း ပေးအပ်ခဲ့တာပါ။

ဝါရင့် နိုင်ငံရေးသမား ဦးဖေသန်းကတော့ တစ်နိုင်ငံလုံး ဒုက္ခဆင်းရဲတွင်းထဲ မီးလောင်တိုက် အသွင်းခံရချိန်မှာ ဆုတံဆိပ်တွေ ပေးတာဟာ နိုင်ငံကောင်းစားလာမှာမဟုတ်သလို စစ်ကောင်စီကို အားပေးရာရောက်တဲ့အတွက် မဖြစ်သင့်ဘူးလို့ ထောက်ပြပါတယ်။

“သူတို့လူမို့လို့ ပေးတာ ရှိမယ်။ နောက်ပြီးတော့ သူတို့အတွက်ကို ပါနိုင်မယ်ဆိုပြီး ပေးတဲ့သဘောရှိတယ်၊နှုတ်ပိတ်တဲ့ သဘောမျိုးပေးတာ ရှိမယ်။ အဲဒီလို တစ်နိုင်ငံလုံး ဒုက္ခဆင်းရဲတွင်းရောက်နေချိန်မှာ မိုးမီးလောင်နေချိန်မှာ နိုင်ငံရေးသမားဆိုတဲ့သူတွေက ဘာမှကို ငြင်းဆန်ခြင်းမရှိဘူး။ နှစ်နှစ်ကာကာ လက်ခံကြတာက နိုင်ငံအတွက် မဖြစ်သင့်ဘူး။ အဲဒီလိုဆို ဒီဆုကြောင့် တိုင်းပြည်ကောင်းစားလာမှာ မဟုတ်ဘူး။ ဒီဆုကြောင့် နိုင်ငံတော်အာဏာကို အတင်းအဓမ္မရယူထားတဲ့ စစ်ကောင်စီကို အားပေးရာ ထောက်ခံရာ ရောက်မှာမို့ ဒါကမဖြစ်သင့်တဲ့ကိစ္စလို့ ပြောချင်ပါတယ်”လို့ သူက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူပြီးချိန်ကနေစပြီး နေ့ထူးနေ့မြတ်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ စစ်အုပ်စုအပေါင်းအပါတွေအပါအဝင် သေဆုံးပြီးသူတချို့နဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်တွေကို ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်တွေ ပေးအပ်ချီးမြှင့်ခဲ့တဲ့ အစဉ်အလာတွေ ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လွပ်လပ်ရေးနေ့အပါအဝင် တပ်မတော်နေ့နဲ့ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့တို့မှာ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်ပေါင်း ၂၃၀၀ ကျော်ကို ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့ သ တင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ နိုင်ငံအနှံနီးပါးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့နဲ့ တိုက်ပွဲတွေ ပြင်းထန်နေပြီး ဝေဟင်ကနေ လေကြောင်းပစ်ကူကို ပိုမိုအားထား အသုံးပြုလာနေတာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လအတွင်း ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ ကရင်ပြည်နယ်အပါအဝင် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းရှိ မြို့နယ်ပေါင်း (၁၅) ခုမှာ လေကြောင်းတိုက်ခိုက်ခံရမှု(၅၇) ကြိမ်ထက်မနည်း ရှိခဲ့ပြီး အရပ်သားသေဆုံးမှု ၁၀၀ ကျော်အထိ ရှိခဲ့တယ်လို့ ISP-Myanmar က ထုတ်ပြန်ထားပါတယ်။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.