မော်လမြိုင်၊ နိုဝင်ဘာ (၂၅)မွန်ပြည်နယ်အတွင်းရှိ တရားမဝင်အနှိပ်ခန်းနဲ့ လိင်ဝန်ဆောင်မှုပေးတဲ့ နေရာတွေမှာ လိင်ပိုင်းဆိုင်ရာ အသုံးချဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်ခေါ်ဆောင်သွားတဲ့ အမျိုးသမီးလိင်လုပ်သားတချို့ဟာ သတင်းအစအန မရဘဲ ပျောက်ဆုံးတာတွေ ရှိလာတယ်လို့ အမျိုးသမီးအရေး ကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခန္ဓာကိုယ်နဲ့ရင်းပြီး လုပ်ကိုင်စားသောက်နေရတဲ့ အမျိုးသမီး လိင်လုပ်သားတွေကို ဆိုင်ရှင်တွေနဲ့ ညှိနှိုင်းပြီး ခေါ်ဆောင်တာတွေရှိသလို လက် နက်ကိုင် ခြိမ်းခြောက်ပြီး ခေါ်ဆောင်သွားတာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

အဲဒီထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်ခေါ်ဆောင်သွားတဲ့ အမျိုးသမီးလိင်လုပ်သားတချို့ဟာ ပြန်လည် ရောက်ရှိလာတာ မရှိသလို စုံစမ်းမေးမြန်းလို့လည်း မရဘဲ ပျောက်ဆုံးနေတာကြောင့် အသက်အန္တရာယ်ကျရောက်နိုင်တဲ့ အထိ စိုးရိမ်းနေရတယ်လို့ အမျိုးသမီးအရေး ကူညီဆောင်ရွက်နေသူ တစ်ဦးက ပြောပါတယ်။

“အခုနောက်ပိုင်း သိတဲ့အတိုင်းပဲလေ။ လက်နက်နဲ့ အကြမ်းဖက်ခံရတဲ့ အနေအထားတွေ ရှိတယ်။ အထူးသဖြင့်က တော့ လက်နက်ကိုင်ပြီးလာတဲ့ လူတွေသည် ဒီမှာလာပြီးတော့ လုပ်ပိုင်ခွင့်ရနေသလို ဖြစ်နေတယ်။ ဒီKTVတွေ မာဆက်တွေမှာ အဲဒီလိုမျိုးလာလို့ ရှိရင်လည်း ဆိုင်ရှင်တွေအနေနဲ့က သူတို့ကို တားနိုင်တဲ့ ပါဝါမရှိနေဘူးပေါ့နော်။ သူတို့တွေက VIPအနေနဲ့ KTVတွေမှာ လုပ်ပိုင်ခွင့် ရနေတာပေါ့။ အပြင်ကို ခေါ်ပြီးတော့ ပြန်မလာတဲ့ လူတွေလည်းရှိတယ်။ အဲဒါ ဘာကြောင့် ပြန်မလာလည်းဆိုတာက ဘယ်သူမှလည်း လိုက်မယ့်သူမရှိဘူး။ မေးလို့လည်း မရဘူးလေ။ စံုစမ်းလို့လည်း မရဘူး။ အဲဒီလို အနေ အထားတွေ ရှိတယ်။ တိုင်တဲ့သူလည်း မရှိဘူးလေ။ ဆိုင်ရှင်ကလည်း သူ့ဆီကလူ ပျောက်သွားတယ်။ သူကတော့ သတင်းလွှင့်လိုက်တယ်။ ထွက်ပြေးသွားတယ်ပေါ့။ ဒါပေမယ့် သူတကယ် ထွက်ပြေးသွားသလား၊ အသက် အန္တရာယ်ကျရောက်သွားတာလား။ ဘယ်လိုအနေအထားမျိုးနဲ့ ဖြစ်သွားလဲ ဆိုတာကို ဘယ်သူမှ တိတိကျကျ မသိနေဘူးပေါ့နော်။အဲဒီလို အနေအထားမျိုး ပျောက်သွားတဲ့ မိန်းကလေးတွေလည်း အများကြီး ရှိပါတယ်။ ပြောရလို့ရှိရင် အဲဒီလို အဖြစ်အပျက်မျိုးက (၃) (၄)ခုလောက် ရှိနေတာပေါ့နော်”လို့ ဆိုပါတယ်။

ဒါ့အပြင် ပျောက်ဆုံးသွားတဲ့ အမျိုးသမီးလိင်လုပ်သားတွေအကြောင်း လိုက်ပြီး မေးမြန်းပါကလည်း သူတို့လုပ်ကိုင်ခဲ့တဲ့ ဆိုင်တွေက ဘယ်ကိုရောက်သွားလည်ဆိုတာကို တိတိကျကျ မပြောနိုင်သလို ခေါ်ဆောင်သွားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကိုလည်း မမေးမြန်းရဲတာကြောင့် ဘယ်လိုပျောက်ဆုံးသွားလည်းဆိုတာကို မသိရဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ အမျိုးသမီးလိင်လုပ်သားတွေဟာ လိင်ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေကို ဆိုင်တစ်ဆိုင်ကို ငွေကျပ်(၁၀)သိန်းကျော် ပေးရပေမယ့် သူတို့ ရောက်ရှိလာပါက ပိုက်ဆံမရှင်းဘဲ လက်နက်အားကိုးနဲ့ အကြမ်းဖက်တာတွေ လုပ်ဆောင်သွားတယ်လို့ အမျိုးသ မီးလိင်လုပ်သားတစ်ဦး ပြောပါတယ်။

“လက်နက်အားကိုးတာနဲ့ ဖုန်းအားကိုးတာနဲ့ အရှိန်အဝါနဲ့ တစ်ခါတလေဆိုရင်လာတယ်။ လာတော့ သူတို့က အခန်းကြေး မပေးဘဲနဲ့ ဝင်တာတွေလည်းများတယ်။ သူတို့က ဘယ်လိုပြောမလဲ။ ပိုက်ဆံ ရှင်းချိန်ကျ ဆဲတာဆိုတာနဲ့။နောက်ပြီးတော့ တစ်မျိုးမျိုးနဲ့ ကောက်ကျစ်ပြီး လုပ်ကြံတာနဲ့ အဲဒီလိုမျိုးပေါ့နော်။ ပိုက်ဆံ မရှင်းရအောင်လို့ပေါ့။သူတို့က လှည့်ကွက်နဲ့ အသုံးချပြီး လုပ်ကြတယ်။ သူတို့က လက်တွေ၊ဘာတွေပါတယ်။ပါးတွေ ရိုက်တယ်”လို့ ဆိုပါတယ်။

လက်ရှိ အမျိုးသမီးလိင်လုပ်သားတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ရဲကြေးဆိုပြီး အခကြေးငွေ ပိုမို ပေးဆောင်နေရတဲ့ အပြင် အရင်လို လုံခြုံမှု မရှိတော့ဘဲ လက်နက်ပြပြီး အကြမ်းဖက် ခံရတာတွေပါ ပိုမို ကြုံတွေ့ နေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် အရင်က အမျိုးသမီးလိင်လုပ်သား အကြမ်းဖက်ခံရတာတွေ ပျောက်ဆုံးတာတွေကို တိုင်ကြားလို့ ရခဲ့ပေမယ့် လက်ရှိမှာ တိုင်ကြားလို့ မရတော့သလို တိုင်ကြားပါကလည်း မိမိတို့ ကိုယ်တိုင် ဖမ်းဆီး ခံရနိုင်တဲ့ အခြေအနေတွေနဲ့ ကြုံတွေ့နေရတယ်လို့ အမျိုးသမီးလိင်လုပ်သားတွေက ဆိုကြပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ ခန္ဓာကိုယ်နဲ့ ရင်းပြီး လုပ်ကိုင်စားသောက်နေရတဲ့ အမျိုးသမီးလိင်လုပ် သား (၈၀၀) ဝန်းကျင်ရှိပြီး အမျိုးသမီးလိင်လုပ်သား အများစုဟာ ညဘက်တွေမှာ လုပ်ကိုင်ရှာဖွေ စားသောက်ရတာကြောင့် စစ်ကောင်စီရဲ့ ညမထွက်ရ အမိန့်တွေကြောင့် အလုပ်အကိုင် ပိုမို ခက်ခဲလာသလို စားဝတ်နေရေးတွေလည်း ပိုမိုကျပ်တည်းလာတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.