မြဝတီ၊ နိုဝင်ဘာ (၂၄)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေဖြစ်တဲ့ မြဝတီ-ဝေါ်လေ ကားလမ်းပိုင်းမှာ အခုရက်ပိုင်းတွေထဲ KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှုတွေရှိခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ(၂၂)ရက်နေ့က တပ်မဟာ(၆)နယ်မြေ မြဝတီ-ဝေါ်လေ ကားလမ်းတစ်နေရာမှာ KNLA ပူးပေါင်းတပ်ဖွဲ့ဖြစ်တဲ့ ကော်ဘရာစစ်ကြောင်းက ထောက်ပို့ယာဉ်ဟာ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး ရဲဘော်အချို့ ကျဆုံးဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ(၂၂)ရက်နေ့ ညနေပိုင်းအချိန်ကစပြီး ညသန်းခေါင်ယံအချိန်ထိ မြဝတီ-ဝေါ်လေ လမ်းပိုင်း ဘလက်ဒိုရွာအနီးရှိ စခန်းချနေတဲ့ စစ်ကောင်စီရဲ့ ခမရ(၁၀၂)တပ်ကို ကော်ဘရာစစ်ကြောင်းရဲ့ ဦးဆောင်မှုနဲ့ KNDO တပ်ရင်း(၈)၊ ရောင်နီဒရုန်းတပ်ဖွဲ့နဲ့ Federal Wings ဒရုန်းတပ်ဖွဲ့တွေက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က မနေ့ နိုဝင်ဘာလ(၂၃)ရက်နေ့ ညပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။

Federal Wings ဒရုန်းတပ်ဖွဲ့အနေနဲ့ ပျံသန်းတိုက်ခိုက်မှု(၁၂)ကြိမ်မှာ ဗုံး(၃၇)လုံး အသုံးပြုတိုက်ခိုက်ခဲ့ပြီး အဆိုပါ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က (၈)ဦးသေဆုံးကာ တပ်ရင်းမှူးအပါ အဝင် (၁၅)ဦးခန့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ စစ်မြေပြင်သတင်းအရ သိရကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့က ဆိုပါတယ်။

လတ်တလောမှာ မြဝတီ-ဝေါ်လေ ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေအကြား စစ်ရေးပဋိပက္ခတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က သေ့ဘောဘိုးစခန်းကို ပြန်လည်သိမ်းပိုက်နိုင်ဖို့၊ မြဝတီ-ဝေါ်လေ ကားလမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့နဲ့ နယ်မြေစိုးမိုးနိုင်ဖို့အတွက် စစ်ရေးလှုပ်ရှားမှုတွေ ထပ်မံလုပ်ဆောင်နေတယ်လို့ သိရှိရပါတယ်။

တပ်မဟာ(၆)နယ်မြေဖြစ်တဲ့ မြဝတီ-ဝေါ်လေ လမ်းပိုင်းတွေအပြင် ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်မြို့နယ်တွေအတွင်းမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့ကာ တိမ်းရှောင်နေရတဲ့ စစ်ရှောင်အရေအတွက် ပိုမိုများပြားလာခဲ့တယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတွေထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.