လန်ဒန် – နိုဝင်ဘာ(၂၅) 

ရုရှားကျူးကျော်မှုနောက်ပိုင်း ဗြိတိန်က ယူကရိန်းကို ရဟတ်ယာဉ်တွေ ပထမဆုံးအကြိမ်အဖြစ် ပေးပို့မှာဖြစ်တယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။ 

ယူကရိန်းရဲ့ ဝန်ထမ်းနဲ့ အင်ဂျင်နီယာတပ်ဖွဲ့ဝင်(၁၀) ဦးကို ယူကေမှာ ခြောက်ပတ်ကြာလေ့ကျင့် ရေးအစီအစဉ်ကို ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ ဝန်ကြီးဌာနက အသိပေးထားပါတယ်။ 

ပထမဆုံးရောက်ရှိနေပြီဖြစ်တဲ့ ဗြိတိန်စစ်တပ်ရဲ့ Sea King ရဟတ်ယာဉ်သုံးစီးအပြင် နောက်ထပ် အမြာက်ကျည် (၁) သောင်းကိုလည်း ထောက်ပံ့ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ 

“ယူကရိန်းအတွက် ကျွန်တော်တို့ရဲ့ ပံ့ပိုးကူညီမှုက မယိမ်းယိုင်ဘဲရှိနေပါတယ်။ ဒီနောက်ထပ် အမြောက်ကျည်တွေက မကြာသေးခင် သီတင်းပတ်တွေအတွင်း ရုရှားလက်ကနေ ပြန်လည် သိမ်းယူထားတဲ့ နယ်မြေတွေကို လုံခြုံစေမှာပါ” လို့ ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလ်လက်စ့်က ပြောခဲ့ပါတယ်။ 

ဗြိတိန်ဝန်ကြီးချုပ် ဆွန်နက်က အီရန်က ရုရှားကို ထောက်ပံ့ပေးထားတဲ့ ဒရုန်းတွေကို တန်ပြန် နိုင်ဖို့အတွက် လေယာဉ်ပစ်သေနတ် (၁၂၅) လက်နဲ့ ကိရိယာတွေပါဝင်တဲ့ ကာကွယ်ရေး ထောက်ပံ့မှု အတွက် ပေါင်သန်း(၅၀) အကူအညီအညီပေးဖို့ ယူကရိန်းမြို့တော်ကို သွားရောက် ထားပါသေးတယ်။ 

ရုရှားတပ်တွေသိမ်းပိုက်ထားတဲ့ နေရာတွေကို ပြန်လည်သိမ်းယူနိုင်ဖို့ တိုက်ပွဲဝင်နေရတဲ့ ယူကရိန်း တပ်တွေဟာ ဆောင်းရာသီရောက်နေပြီဖြစ်တဲ့အတွက် အပူချိန်တွေကျဆင်း လာတာနဲ့ ရင်ဆိုင်နေရပါတယ်။ 

အဲဲဒါကြောင့် ဗြိတိန်ဟာ ယူကရိန်တပ်ဖွဲ့ဝင်တွေဆီကို ဆောင်းတွင်းအကူကိရိယာတွေကိုလည်း ထောက်ပံ့ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ 

မြောက်ပိုင်း ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးအတွက် ဗြိတိန်ကာကွယ်ရေးဝန်ကြီး နော်ဝေကို သွားရောက်ချိန်မှာ ယူကေ လေယာဉ်တင်သင်္ဘော HMS Queen Elizabeth မှာ ဒီကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ 

(၁၂) ဖွဲ့ပါဝင်တဲ့ မြောက်ပိုင်းအဖွဲ့တွေဟာ ဥရောပမြောက်ပိုင်းမှာ ကာကွယ်ရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ရည်ရွယ်တဲ့ ဗြိတိန်ရဲ့ အစပျိုးမှုလည်း ဖြစ်ပါတယ်။ 

မြောက်ပိုင်းအဖွဲ့ထဲမှာ ဒိန်းမတ်၊အက်စ်တိုးနီးယား၊ဖင်လန်၊ဂျာမနီ၊အိုက်စ်လန်၊လတ်ဗီးယား၊ လစ်သူယေးနီးယား၊ နယ်သာလန်၊နော်ဝေ၊ပိုလန်နဲ့ ဆွီဒင်တို့ ပါဝင်ပါတယ်။ 

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်ဟာ ယူကရိန်းရဲ့ ခိုင်မာတဲ့ မဟာမိတ်တစ်ဦးဖြစ်ပြီး ကိယက်ဗ်ကို (၃) ကြိမ်တိုင် သွားရောက်ကာ စစ်ဘက်ဆိုင်ရာ စက်ပစ္စည်းကိရိယာများ၊ ရန်ပုံငွေ နဲ့ လေ့ကျင်ရေး အရင်းအမြစ်တွေကို ဖြည့်ဆည်းပံ့ပိုးပေးနေတာဖြစ်တယ်လို့ သိရပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.