ရန်ကုန်၊ နိုဝင်ဘာ (၂၅)နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းချိန်ကနေစပြီး အခုနှစ် အောက်တိုဘာလကုန်ထိ စစ်အုပ်စုရဲ့ မတရားချိပ်ပိတ်သိမ်းဆည်းခံရတဲ့ နေအိမ်၊ အဆောက်အဦးပေါင်း ၇၈၆ ခုထက်မနည်း ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းတွေ ကောက်ယူရေးအဖွဲ့ရဲ့ အောက်တိုဘာ ၃၁ ရက်နေ့အထိ စာရင်းတွေအရ ပါတီဝင်၂၇၄ ဦးရဲ့ ပိုင်ဆိုင်မှုနေအိမ် ၂၇၈ လုံးနဲ့ လုပ်ငန်းပေါင်း ၃၉ ခု ချိတ်ပိတ်သိမ်းဆည်းခံရတဲ့အထဲမှာ လွှတ်တော်ကိုယ်စားလှယ် ၁၃၆ ဦးရဲ့ နေအိမ်အဆောက်အဦး ပိုင်ဆိုင်မှုတွေလည်း ပါဝင်ပါတယ်။

ဒါ့အပြင် တိုင်းနဲ့ ပြည်နယ်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးတွေကို စစ်အုပ်စုက ဝင်ရောက်ကျူးကျော်ဝင်ရောက်မှု အကြိမ် ၁၂၀ ရှိခဲ့တယ်လို့ ၂၀၂၀ ရွေးကောက်ပွဲ ၂ နှစ်ပြည့် နိုဝင်ဘာ ၈ ရက်နေ့မှာ NLD က ထုတ်ပြန်ထားတာပါ။

စစ်တပ်အာဏာသိမ်းပြီး လပိုင်းအတွင်း ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့ဝင်၊ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ကိုစည်သူမောင်ရဲ့ မိဘပိုင် ရန်ကုန်တိုင်း၊လှိုင်မြို့နယ်ရှိ နေအိမ်ကိုလည်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့မှာ စစ်အုပ်စုက လာရောက်ချိတ်ပိတ်ခဲ့ပါတယ်။

ဒါ့အပြင် အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နေထိုင်ခဲ့တဲ့ ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမြို့နယ်ရှိ နေအိမ်ကိုလည်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့မှာ စစ်ကောင်စီက လာရောက်ချိပ်ပိတ်ထားပါတယ်။

စစ်ကောင်စီဟာ သူတို့ကို ဆန့်ကျင်သူတွေ အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်တွေ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီ ထောက်ခံသူတွေရဲ့ နေအိမ်ပိုင်ဆိုင်မှုတွေကို အများဆုံး ချိတ်ပိတ် သိမ်းဆည်းခဲ့တာ ဖြစ်ပါတယ်။

အလားတူ နေအိမ်ချိပ်ပိတ်ခံရသူတွေထဲမှာ အရပ်သားတွေလည်း ပါဝင်ပြီး အသံတိတ်သပိတ်ပြုလုပ်ဖို့ လှုံ့ဆော်ရင် နေအိမ်ချိပ်ပိတ်သိမ်းဆည်းတဲ့အထိ အရေးယူမယ်လို့ စစ်ကောင်စီက အခုနှစ်ဆန်းပိုင်းမှာ သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.