မော်လမြိုင်၊ နိုဝင်ဘာ (၂၅)မွန်ပြည်နယ်အထွက် ပဲခူးတိုင်းအဝင် ညောင်ခါးရှည်ရွာအနီးမှာ တပ်ဆင်စစ်ဆေးနေတဲ့ စစ်ကောင်စီရဲ့ X-Ray စက်ကြောင့် ခရီးစဉ်တွေ ကြန့်ကြာမှုရှိတဲ့အတွက် မော်တော်ယာဉ် စီးနင်းသူနည်းပါးလာတာကြောင့် အဝေးပြေးယာဉ်လိုင်း ပြေးဆွဲမှု ထက်ဝက်နီးပါး လျော့ချထားရတယ်လို့ ယာဉ်လိုင်းလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ လုံခြုံရေး အကြောင်းပြချက်နဲ့ မော်လမြိုင်-ရန်ကုန်အဝေးပြေးကားလမ်းမပေါ်မှာ X-Ray စက်တပ်ဆင်ပြီး ယာဉ်လိုင်းအားလုံးကို အချိန်ကြာမြင့်စွာ တန်းစီ စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

တစ်ဖက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခရီးသည်တစ်ယောက်ချင်းကိုလည်း အသေးစိတ်စစ် ဆေးတာတွေ ပြုလုပ်နေတာကြောင့် အဝေးပြေးယာဉ်လိုင်း စီးနင်းသူ ပိုမို နည်းပါးလာတာ ဖြစ်ပါတယ်။

ခရီးသည်ရရှိမှု နည်းလာတာကြောင့် အဝေးပြေးယာဉ်အများစု အရှုံးနဲ့ ရင်ဆိုင်နေရတဲ့အတွက် ယာဉ်လိုင်းပြေးဆွဲမှု ထက်ဝက်နီးပါး လျော့ချလာရတယ်လို့ ယာဉ်လိုင်းလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“ဒီ X-Rayက စပြီးတော့ စစ်တယ်ဆိုကတည်းက ကျွန်တော်တို့ အခုထိကို တောက်လျှောက်ကို အခက် အခဲနဲ့ ရင်ဆိုင်နေရတာပေါ့။ ကားတွေ၊ကုန်ပစ္စည်းတွေက ရန်ကုန်ကို အချိန်မှန် မရောက်တဲ့အတွက်ကို ကျွန်တော်တို့က Customer တွေနဲ့ ခရီးသည်တွေနဲ့ နည်းနည်းလေး အခက်အခဲတွေ ဖြစ်နေပါတယ်။ ယာဉ်လိုင်းကတော့ လျော့ချထားတာ ရှိပါတယ်။ ကျွန်တော်တို့ ဆီမှာ လောလောဆယ် ပြေးဆွဲနေတဲ့ အချိန်မှာ (၄)ချိန်ကနေ (၂)ချိန် တဝက်လောက်လျော့ချတယ်။ ကျွန်တော်တို့ ဒီ(၄)ချိန်မှာ (၄)ချိန်လုံး ပြေးဆွဲမယ်ဆိုရင်တော့ ဒီဆီဈေးနဲ့ ခရီးသည်နည်းပါးတာနဲ့ ခရီးသည်တွေ X-Rayစက်ကြီးကြောင့် ကြန့်ကြာမှုတစ်ခုနဲ့က ခရီးသည်တွေ မသွားတာကများတယ်။ ကျွန်တော်တို့မှာ နှောင့်နှေးမှုတွေ၊ လူတွေ မရတဲ့အခါကျတော့ ကျွန်တော်တို့ ယာဉ်လိုင်းက အရှုံးပေါ်လို့ ကျွန်တော်တို့တွေ ပြန်လည်ပြီးတော့ လျော့ချရခြင်း ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းတွေဟာ X-Ray စက်နဲ့ စစ်ဆေးခံဖို့ အနည်းဆုံး အချိန် (၂)နာရီကနေ (၄)နာရီကျော်တဲ့အထိ စောင့်ဆိုင်းနေရတာကြောင့် ခရီးစဉ်တွေ အချိန်မှန်မှု မရှိတော့သလို အရင်လို ရောက်ရှိနိုင်မယ့် အချိန်ကိုလည်း ခန့်မှန်းဖို့ ခက်ခဲလာတယ်လို့ ဆို ပါတယ်။

ခရီးသွားပြည်သူတစ်ဦးကလည်း မော်တော်ယာဉ်နဲ့ ခရီးသွားပါက စစ်ကောင်စီဘက်က လုံခြုံရေး အကြောင်းပြပြီး X-Ray စက်နဲ့ စစ်ဆေးရာမှာ အချိန်ကြန့်ကြာမှုတွေရှိနေတဲ့အတွက် ရထားကို ပိုမို သုံးစွဲလာတယ်လို့ ပြောပါတယ်။

“X-Rayက ကြာတယ်။ အကြာကြီးပဲ တော်တော်ကြာတယ်။ X-Rayက ဒီခရီးသည် ကားကကျတော့ သူတို့ စစ်တာကြာရင် ကြာသလိုပဲ အနည်းဆုံး (၄)နာရီလောက်တော့ ကြာတယ်။ (၄)နာရီ (၆)နာရီ ကြားရှိတယ်။ ရထားက (၉)နာရီထွက်ရင် ရန်ကုန်ကို (၇)နာရီဆိုရောက်ပြီ။ ရထားကတော့ ပေါ့ပေါ့ပါးပါးပဲ။ အခုဟာက ဘယ်လိုလဲဆိုတော့ ဘူတာတစ်ခု၊ ဘူတာကြီးတစ်ခုဆိုရင် မှတ်ပုံတင်နဲ့ ရထားလက်မှတ် စစ်တယ်ကွာ။ အဲဒါပဲ၊ ကျန်တာ ဘာမှ မစစ်ဘူး”လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီ ဖွင့်လှစ်ထားတဲ့ X-Rayစက်မှာ နေ့စဉ် ကားအစီးရေရာနဲ့ချီ ပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတာကြောင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရတဲ့အပြင် စစ်ဆေးပြီး ညအချိန်ရောက်သွားပါကလည်း စစ်ကောင်စီရဲ့ ညမထွက်ရ အမိန့်တွေကြောင့် ခရီးသည်တွေ အနေနဲ့ နီးစပ်ရာနေရာတွေနဲ့ လမ်းတွေပေါ်မှာ ညအိပ်ရပ်နားနေရတာ ဖြစ်ပါတယ်။

စစ်ကောင်စီက လုံခြုံရေးကို အကြောင်းပြချက်နဲ့ ဖွင့်လှစ်ထားတဲ့ X-Rayစက်ကြောင့် ခရီးသွားလာတဲ့ အခါနဲ့ ကုန်စည်ပို့ဆောင်တဲ့ နေရာတွေမှာ အချိန်ကြန့်ကြာမှုတွေ ဖြစ်ပေါ်နေရတာကြောင့် အရင်လို ခရီး မတွင်ကျယ်တော့တဲ့အတွက် ခရီးသည်တွေအနေနဲ့ မဖြစ်မနေ အလုပ်ကိစ္စရှိမှသာ သွားလာမှုရှိနေတာ ဖြစ်ပါတယ်။

X-Rayစက် တပ်ဆင်ထားတဲ့ နေရာဟာ မွန်၊ ကရင်နဲ့ တနင်္သာရီ ဒေသတွင်းက ခရီးသည်တွေနဲ့ ကုန်စည် ပို့ဆောင်ရာမှာ အဓိက အသုံးပြုတဲ့ လမ်းကြောင်းပေါ်မှာ တည်ရှိနေတာကြောင့် အခုလို ကြန့်ကြာမှုတွေ ရှိလာတဲ့အတွက် အရင်လို ခရီးသွားလာမှုတွေ မရှိတော့သလို ကုန်စည်စီးဆင်းမှုတွေကလည်း လျော့ကျလာတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်မှာတော့ အဝေးပြေးယာဉ်လိုင်း ၇၃ လိုင်းထက်မနည်း ရှိနေတာ ဖြစ်ပြီး စစ်တပ် အာဏာ သိမ်းပြီးနောက် အဝေးပြေးယာဉ်လိုင်းတွေဟာ ခရီးသည်နဲ့ ကုန်ပစ္စည်းရရှိမှု နည်းပါးလာတာ၊ စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် ဆက်လက်ရပ်တည်ဖို့ အခက်ကြုံနေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.