တောင်ကြီး – နိုဝင်ဘာ(၂၄)

ခေတ်အဆက်ဆက်က စပြီး နွေဦးတော်လှန်ရေးခရီးအထိ အာဏာရှင်တွေကို ရဲရဲဝံံ့ဝံံ့ဆန့်ကျင်တော် လှန်ရင်း တိုင်းပြည်ပြုပြင်ပြောင်းလဲမှုတွေမှာပါဝင်နေကြတဲ့ ရှမ်းတိုင်းရင်းသားတွေနဲ့ တိုင်းပြည် အတွက်အသက်ပေးခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းတွေကို ဂုဏ်ယူလေးစားစွာ မှတ်တမ်းတင်တယ် လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

(၂၁၁၇) နှစ်မြောက် ရှမ်းနှစ်သစ်ကူးနေ့မှာ ရှမ်းတိုင်းရင်းသားတွေအားလုံးနဲ့အတူ နိုင်ငံသူ၊နိုင်ငံသား အားလုံး နှစ်သစ်မှာ ခွန်အားသစ်တွေ ပြည့်ဝကာ စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ပြတ်ချေမှုန်းနိုင်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ကို ပိုင်ဆိုင်နိုင်စေဖို့ သဝဏ်လွှာပေးပို့ခဲ့တာပါ။

စစ်တပ်က မတရားသဖြင့် တိုင်းပြည်အာဏာကို သိမ်းယူခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ ကျရောက်ခဲ့တဲ့ ရှမ်းနှစ်သစ်ကူးနေ့ကို အရင်နှစ်တွေလို ပျော်ပွဲရွှင်ပွဲတွေ စည်ကားသိုက်မြိုက်စွာ ကျင်းပတာ မလုပ်ဘဲ အာဏာရှင်ကို အလိုမရှိကြောင်း ပြသခဲ့ကြတဲ့အတွက် လေးစားအသိအမှတ်ပြုတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ရှမ်းတိုင်းရင်းသားတွေဟာ လွတ်လပ်ခြင်း၊ တရားမျှတခြင်းတို့ကို မြတ်နိုးတန်ဖိုးထားပြီး ဘယ်အကြမ်းဖက်အုပ်ချုပ်မှုတွေကိုမှ မလိုလားကြောင်းကို လွတ်လပ်ရေးအတွက် အသက်ပေးခဲ့ တဲ့ အာဏာနည်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်းက သမိုင်းမှာ မှတ်ကျောက် တင်ခဲ့ပြီဖြစ်တယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးအသီအပွင့်တွေခံစားနိုင်တဲ့ အသိုက်အဝန်း တစ်ခုဖန်တီးကာ စည်းလုံးညီညွတ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို အနာဂတ်မျိုး ဆက်သစ်တို့အတွက် ကောင်းမွေအဖြစ်ပေးနိုင်ဖို့ ပင်လုံစိတ်ဓာတ်ကို အခြေခံပြီး ရှမ်းတိုင်းရင်း သားတွေ အပါအဝင် တော်လှန်ရေးအင်အားစုအားလုံးနဲ့အတူ ပြည်ထောင်စုလွှတ်တော်ကိုယ်စား ပြုကော်မတီကလက်တွဲကြိုးပမ်းသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လူမဆန်တဲ့ အကြမ်းဖက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ အာဏာသိမ်းစစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲကျင်းပပြီး ဥပဒေမဲ့ အာဏာသိမ်းထားမှုကနေထွက်ပေါက်အဖြစ် တရားဝင်မှုရှိတဲ့အစိုးရအသွင်သဏ္ဍန်ပြောင်းဖို့ စီစဉ်နေတာနဲ့ ပတ်သက်ပြီး တိုင်းရင်းသားအားလုံး အနေနဲ့ စစ်အုပ်စုရဲ့သွေးခွဲမှု၊လှည့်စားမှုတွေကို သိရှိနားလည်ကာ စည်းလုံးညီညွတ်မှုနဲ့အတူ ရင်ဆိုင် ကျော်လွှားပြီး စစ်အာဏာရှင်အမြစ်ဖြတ်ဖို့ အတူတကွကြိုးပမ်းသွားကြဖို့လည်း CRPH က တိုက်တွန်းခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.