ညောင်လေးပင်၊ နိုဝင်ဘာ (၂၄)

နှစ်ဖက်တိုက်ပွဲအတွင်း အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်ထဲက KNLA တပ်ဖွဲ့ရှိရာ နေရာတွေကို အပြင်းအထန် စစ်ကြောင်းထိုးဖို့ စုဖွဲ့ပြင်ဆင်မှုတွေ လုပ်ဆောင်လာတယ်လို့ KNU က နိုဝင်ဘာ (၂၃)ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ညောင်လေးပင်ခရိုင် တပ်မဟာ(၃) နယ်မြေအတွင်းရှိတဲ့ စစ်ကောင်စီရဲ့ ဘောကထာ၊ သံဆိပ်နဲ့ တုံးတံတား တပ်စခန်းတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ(၁၂)ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် KNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီဘက်က အပြင်း အထန် စစ်ကြောင်းထိုးဖို့ စီစဉ်လာတာပါ။

လက်ရှိမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးချိန်မှာ ထိခိုက်မှုတွေ ရှိလာနိုင်တယ်ဆိုပြီး ရွှေကျင်မြို့စွန်နားက ခြေတော်ရာ၊ ကျွဲတဲ၊ ကျွဲတဲ(ကွက်သစ်)မှာနေထိုင်တဲ့ ဒေသခံတွေကို ယာယီရွှေ့ပြောင်းထားပေးကြဖို့ ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက လိုက်လံပြောဆိုလာတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ရွှေကျင်ဘက်ကနေ KNLA တပ်တွေရှိတဲ့နေရာကို စစ်ကြောင်းထိုးဖို့အတွက် တင့် ကား အမြှောက်ကားတွေအပါအဝင် စစ်ကောင်စီတပ်သားတွေ စုဖွဲ့ပြင်ဆင်ထားပြီး တပ်အင်အားနဲ့ ရိက္ခာတွေ ဖြည့်ဆည်းထားတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီဘက်က ထိုးစစ်ဆင်ဖို့ ပြင်ဆင်လာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး KNU ပြောခွင့်ရ ပဒိုစောတောနီးထံ သံလွင်တိုင်းမ်ကို ဆက်သွယ်မေးမြန်းပေမယ့် အဆက်အသွယ် ရရှိခြင်း မရှိသေးပါဘူး။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN) ပြောခွင့်ရ စောလေးကပေါ်ကတော့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေထဲမှာ ဒေသခံလူထုတွေအပေါ် စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်လုပ်ဆောင်မှုတွေဟာ ပိုပြီး ဆိုးဆိုးရွားရွားရှိနေတယ်လို့ ပြောပါတယ်။

“အဓိကတော့လေ တိုက်ပွဲဖြစ်တဲ့ နေရာတွေမှာက အထူးသဖြင့် စစ်ကောင်စီက တိုက်ပွဲတွေမှာ သူတို့ ထိခိုက်တဲ့အခါမှာ ပြည်သူလူထုတွေရှိတဲ့နားကို စစ်လေယာဉ်တွေနဲ့ လာပြီးတော့မှ ရွာတွေကိုလေ ညှင်းဆဲနှိပ်စက်တာပေါ့လေ။ ဒါသူတို့လုပ်နေကျ ပုံစံတွေပါပဲ။ ရွာတွေထဲကိုဝင်ပြီး ပြည်သူတွေရဲ့ အိမ်တွေကို ဖျက်ဆီးတာတွေ၊ ရွာတွေကို ဖျက်တာ၊ ပြည်သူတွေကိုနှိပ်စက်တာတွေ သူတို့ လုပ်နေကြတာပါပဲ” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ရွှေကျင်မြို့ပေါ်ရပ်ကွက်တွေမှာ ထားစရာမရှိလို့ လမ်းပေါ်ညအိပ်ထားတဲ့ ကားတွေကို အခြားလွတ်တဲ့နေရာတွေမှာ ရွှေ့ပြောင်းထားဖို့နဲ့ စစ်ကောင်စီတပ်တွေက ရွှေ့ခိုင်းတဲ့ ရပ်ကွက်သုံးခုထဲမှာ ဒေသခံပြည်သူ(၅၀၀၀)ကျော်နေထိုင်တဲ့ ရပ်ကွက်တွေဖြစ်ကြပြီး နိုဝင်ဘာ (၂၁)ရက်နေ့အထိတော့ ဒေသခံတွေအနေနဲ့ ရွှေ့ပြောင်းတာမရှိသေးဘူးလို့ KNU က ဆိုထားပါတယ်။

ဒီလို ဒေသခံတွေအနေနဲ့ ရွှေ့ပြောင်းပေရမယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ၊ ညဘက်မှာ စစ်ကောင် စီတပ်က လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတာ၊ ရွှေကျင်မြို့အတွင်းမှာ တပ်အင်အားတွေ တိုးချဲ့နေတာတွေကြောင့် ဒေသခံပြည်သူတွေဟာ ထိတ်လန့်စွာနဲ့ နေထိုင်နေရကြောင်း KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ရွှေကျင်နဲ့ ကျောက်ကြီးမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ (၁၂)ရက်နေ့ KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအပြီး စစ်ကောင်စီက ပြည်သူလူထုအပေါ် ပြန်လည်ပစ်မှတ်ထားကာ တစ်ရက်တည်းအတွင်း လေကြောင်းတိုက်ခိုက်မှု(၁၄)ကြိမ်ခန့် ပြုလုပ်ခဲ့တာကြောင့် ကျေးရွာ(၂၅)ရွာက ဒေသခံပြည်သူ(၂၀၀၀၀)ကျော် ထပ်မံထွက်ပြေးတိမ်းရှောင်နေခဲ့ရကာ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.