ရန်ကုန်၊ နိုဝင်ဘာ (၂၄)

ရန်ကုန်မြို့ ၊ မရမ်းကုန်းနဲ့ မင်္ဂလာဒုံမြို့နယ်ရှိ ရပ်ကွက်အချို့ကို စစ်ကောင်စီက ကျူးကျော်လို့သတ်မှတ်ပြီး နေထိုင်သူတွေကို အတင်းအဓမ္မဖယ်ခိုင်းခဲ့ပြီးနောက် နေအိမ်ဖယ်ရှားခံရသူတွေဟာ အိမ်ပြန်ငှားဖို့ အခက်ကြုံနေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီက လတ်တလော ပြောင်းလဲချမှတ်ထားတဲ့ ရပ်ကွက်ထောက်ခံစာပါမှ အိမ်ငှားနေခွင့်ပြုမယ်ဆိုတဲ့ သတ်မှတ်ချက်ကြောင့် နေအိမ်ဖယ်ရှားခံရသူတွေဟာ အိမ်ပြန်ငှားဖို့ အခက်ကြုံနေကြရတာပါ။

နေအိမ်ဖယ်ရှားခံရသူတစ်ဦးကတော့ နေအိမ်ဖယ်ရှားခံရပြီးနောက် တချို့ရပ်ကွက်တွေမှာ အိမ်ငှားဖို့ လုပ်ဆောင်ရာမှာ အရင်နေထိုင်ခဲ့တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ထောက်ခံစာ မထုတ်ပေးတဲ့အတွက် နေအိမ်ငှားဖို့ ဒုက္ခရောက်နေရတယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ နေအိမ်ဖယ်ရှားပေးဖို့ သတိပေးခံရတဲ့ ရပ်ကွက်တွေကို နောက်ဆုံးထားသတ်မှတ်တဲ့နေ့ရက်တွေမှာ စစ်တပ်က ဘူဒိုဇာတွေ၊မြေကော်စက်တွေ အသုံးပြုပြီးဖယ်ရှားခဲ့သလို သတ်မှတ်ရက်အမီ အိမ်မဖျက်ပေးတဲ့သူတွေနဲ့ ဖယ်ရှားပေးဖို့ သတ်မှတ်ရက်ပြည့်တဲ့ နေအိမ်တွေထဲမှာ ကျန်ရှိနေတဲ့ ပစ္စည်းတွေကို ဝင်ရောက်ယူသူတွေကိုလည်း ဖမ်းဆီးတာတွေအထိ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

နေအိမ်ဖယ်ရှားပေးလိုက်ရတဲ့ ရပ်ကွက်တွေကနေထိုင်သူ အများစုဟာ အခြေခံလူတန်းစားနဲ့ လက်လုပ်လက် စားတွေ ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့ငှားရမ်းဖို့ အခက်အခဲမျိုးစုံနဲ့တွေ့ကြုံနေကြရတာပါ။

အခုလိုနေအိမ်တွေဖယ်ရှားခံရတာဟာ မြေအမျိုးအစားသတ်မှတ်ချက်ကို မသိနားမလည်ဘဲ နှစ်ရှည်နေထိုင်ခဲ့ပြီး မြေအမျိုးအစား ပြောင်းလဲဖို့လုပ်ဆောင်တာမျိုးတွေကိုလည်း မလုပ်ဘဲနေထိုင်ခဲ့တာကြောင့် အခုလို စစ်အာဏာသိမ်းပြီးလူသားချင်းစာနာမှု ကင်းမဲ့နေချိန်မှာ ဖယ်ရှားဖို့ အချိန်ကိုက်ဖြစ်ခဲ့ရတာလို့ တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ မင်္ဂလာဒုံမြို့နယ်က ပျဉ်းမပင်ကျေးရွာအုပ်စုမှာရှိတဲ့ စံသမာဓိ၊ မြဲမြံအောင်၊ ဂုံညှင်းနီ၊ ဓမ္မပါလ၊ မြဝတီစတဲ့ရပ်ကွက်ငါးခုက အိမ်ထောင်စုတစ်သောင်းဝန်းကျင်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ရက်နေ့ မှာ ပြောင်းရွှေ့ဖို့ ဖိအားပေးခဲ့တာပါ။

ဒါ့အပြင် မရမ်းကုန်းမြို့နယ်၊ အမှတ် (၁)နဲ့ အမှတ် (၂)နဲ့ အမှတ် (၃) ရပ်ကွက်မှာတော့ နေအိမ်တွေကို နိုဝင်ဘာလ ၂၁ ရက်မကုန်ခင် အပြီးဖျက်သိမ်းပေးဖို့ စစ်ကောင်စီက နိုဝင်ဘာ ၁၈ ရက် ညနေမှာ စာထုတ်ပြန် သတိပေးခဲ့ပါတယ်။

ဒါပေမယ့် နောက်နေ့ မနက် ၆ နာရီလောက်မှာတော့ နာရီဝက်ပဲ အချိန်ပေးပြီး ချက်ချင်းထွက်ခိုင်းသလို နေအိမ်တွေကိုပါ မြေကော်စက်တွေ၊ဘူဒိုဇာတွေနဲ့ ဖျက်ဆီးသွားခဲ့တယ်လို့လည်း သိရပါတယ်။

မရမ်းကုန်းမြို့နယ်က အဲဒီရပ်ကွက်တွေဟာ NLD အစိုးရလက်ထက်က ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လက်ထက်မှာလည်း ဖျက်ဖို့ ညွှန်ကြားခဲ့ပေမယ့် မဖျက်ခဲ့ရဘဲ အာဏာသိမ်းပြီးချိန်မှသာ အဖျက်ခံရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.