ရန်ကုန်၊ နိုဝင်ဘာ (၂၄)

အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုရဲ့အားကိုးရာ တစ်ခုတည်းသော ရုရှားနိုင်ငံရဲ့ နည်းပညာကို အ သုံးပြုပြီး စစ်ကောင်စီအနေနဲ့ နျူကလီးယားစွမ်းအင်သုံး လက်နက်ခဲယမ်းတွေကို ထုတ်လုပ်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေနဲ့ CDM ဗိုလ်ကြီးတွေက ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့က ရှရုားနိုင်ငံ၊Sochi မြို့မှာပြုလုပ်တဲ့ ၁၂ ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံတဲ့ ဆန်းသစ်တီထွင်မှုဖိုရမ်ကို စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နဲ့ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြတာပါ။

အဲဒီကိုယ်စားလှယ်အဖွဲ့ဟာ Rosatom အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းရဲ့ ဥက္ကဋ္ဌ အလက်ဆီလီကာချော့နဲ့ သီးခြားတွေ့ဆုံပြီး အသေးစားရေအားလျှပ်စစ်၊ လေအား၊ နျူကလီးယားဓာတ်အားပေးစက်ရုံနဲ့ လူသားအရင်းအမြစ် လေ့ကျင့်သင်ကြားရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးပြီးနောက် သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ရုရှားနိုင်ငံအစိုးရပိုင် Rosatom အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းကတော့ မြန်မာနိုင်ငံမှာ နျူကလီးယာားဓာတ်အားပေးစက်ရုံတက်ဆောက်ဖို့ ဖြစ်နိုင်ခြေ အလားလာတွေကို ပူးပေါင်းလေ့လာဖို့ နား လည်မှု စာချွန်လွှာရေးထိုးခဲ့ကြတယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

နားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံမှာ အသေးစား ဓာတ်ပေါင်းဖိုတည်ဆောက်ရေး စီမံကိန်းအတွက် အခြေခံမူဘောင်တွေကို ရှရှားနိုင်ငံနဲ့ မြန်မာနိုင်ငံတို့အကြား ပူးတွဲဖော်ဆောင်ကြမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီကတော့ နျူကလီးယားစွမ်းအင်ကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ သိပ္ပံသုတေသန၊ ဆေးဝါး ထုတ်လုပ်ရေးနဲ့ စက်မှုလုပ်ငန်းတွေအတွက် အကျိုးရှိရှိ အသုံးချမယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းက ထုတ်ပြန်ထားတာပါ။

CDM ဗိုလ်ကြီး ကောင်းသူဝင်းကတော့ အရင်စစ်အစိုးရလက်ထက်ကတည်းက အဏုမြူလက်နက်ခဲယမ်းတွေ ထုတ်လုပ်ဖို့ လျာထားချက်တွေရှိခဲ့တဲ့အတွက် စစ်ကောင်စီအနေနဲ့ ပြန်လည်မွမ်းမံပြီး တည် ဆောက်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“ဒါကတော့ သူတို့ရဲ့ ထုတ်ပြန်ချက်ပေါ့၊ မြင်ရတဲ့ဘက်ခြမ်းကပေါ့။မမြင်ရတဲ့ဘက်ခြမ်းကနေ သူတို့ လုပ်လာနိုင်တာက နျူကလီးယားနဲ့ဆိုင်တဲ့ လက်နက်ခဲယမ်း၊ဒုံးကျည်ထိပ်ဖူးဟာတွေကို သူတို့ တည်ဆောက်လာနိုင်တယ်။ဘာဖြစ်လို့လဲဆို အရင်စစ်အစိုးရလက်ထက်ကတည်းက နျူကလီးယားနဲ့ပတ်သက်ပြီး သတင်းတွေထွက်ပေါ်လာတာ ရှိသလို အဲဒီအတွက် နျူကလီးယားနဲ့ဆိုင်တဲ့ လက်နက်ခဲယမ်းတွေကို တည်ဆောက်ဖို့အတွက် ရွေးချယ်ထားတဲ့ နေရာ၊အခြေခံအုတ်မြစ်တွေက ရှိပြီးသားလို့ ယူဆလို့ရတယ်။အဲဒီအတွက် သူတို့ဒီလိုမျိုး အသစ်ကနေ စတင်ပြီး လုပ်ရမှာ မဟုတ်ဘဲ ရှိပြီးသားနေရာကို ပြန်လည်ပြီးတော့ မွမ်းမံတည်ဆောက်လာနိုင်တာပေါ့”လို့ သူက ပြောပါတယ်။

ဒါ့အပြင် လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ စစ်ကောင်စီအနေနဲ့ အဏုမြူလက်နက်တွေကို ပိုင်ဆိုင်နိုင်ဖို့ အများကြီးကြိုးစားလာနိုင်သလို လူထုတွေအပေါ် စစ်အာဏာတည်မြဲရေးအတွက် ခြိမ်းခြောက်လာနိုင်တယ်လို့လည်း CDM ဗိုလ်ကြီး ကောင်းသူဝင်းက ဆိုပါတယ်။

ဒါကြောင့် စစ်ကောင်စီအနေနဲ့ နျူကလီးယားစွမ်းအင်သုံး လက်နက်တွေကို မထုတ်လုပ်လာနိုင်စေဖို့ စောင့်ကြည့်မှုတွေ လုပ်ဆောင်သင့်သလို နိုင်ငံတကာအဖွဲ့အစည်း၊အသိုင်းအဝိုင်းတွေကိုလည်း အသိပေးသင့်တယ်လို့ သူက ထောက်ပြပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးကလည်း စစ်ကောင်စီအနေနဲ့ ဒေသတွင်း အုပ်ချုပ်ရေး ဩဇာအာဏာတည်မြဲဖို့ ဆန္ဒရှိနေတဲ့အတွက် အဏုမြူလက်နက်ပိုင်ဆိုင်ဖို့ ရရှိလာတဲ့ အခွင့်အလမ်းပေါ်မူတည်ပြီး အမိအရဆုပ်ကိုင်တဲ့ သဘောရှိတယ်လို့ သုံးသပ်တာပါ။

“စစ်အစိုးရအနေနဲ့ သူ့ရဲ့ အာဏာတည်မြဲရေး၊ပြီးတော့ သူတို့ရဲ့ အုပ်ချုပ်ရေးအာဏာတည်ဆောက်နေတယ်။ ဒေသအတွင်းမှာလည်း ဩဇာအာဏာလုပ်ပိုင်ခွင့်ကို ကျယ်ကျယ်ပြန့်ပြန့်ရှိလာဖို့အတွက် ကြိုး စားဆောင်ရွက်နေတဲ့သဘော ရှိသလို အဲဒီလို ကြိုးစားဖို့အတွက် ဆန္ဒရှိနေတဲ့ဟာ မြင်သာတယ်။အဲဒါကြောင့်မို့ ဒီလိုမျိုး အခွင့်အလမ်းရသွားရင် အဲဒီအခွင့်အလမ်းပေါ် မူတည်ပြီးတော့ ရည်ရွယ်ချက်တွေပြည့်မီလာအောင် မလုပ်လိုက်လောက်ဘူးလို့ ထင်စရာတော့ အခုလောလောဆယ် သိပ်မရှိဘူး။လက်ရှိအနေအထားမှာ စစ်ကောင်စီက သူ့ရဲ့ နေရာအသိအမှတ်ပြုမှုမျိုးကို လိုလားနေတဲ့အတွက်ကြောင့် အဲဒီလို ရလာစရာရှိမယ့် အခွင့်အလမ်းကို အမိအရဆုပ်ကိုင်တဲ့ သဘောရှိတယ်လို့ ပြောလို့ရတာပေါ့”လို့ သူက ဆိုပါတယ်။

ယူကရိန်းနဲ့ စစ်ရေးပွတ်တိုက်မှုရှိနေတဲ့ ရုရှားနိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံနဲ့ပူးပေါင်းပြီး နျူကလီး ယား ဓာတ်အားပေးစက်ရုံတည်ဆောက်မှု ခြေလှမ်းတွေပြင်ဆင်နေတာဟာ နိုင်ငံတကာအတွက် စိုးရိမ်စရာ ဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့လည်း ဒေါက်တာ စိုင်းကြည်ဇင်စိုးက ထောက်ပြပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းက ရုရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ၇ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်ကို တက်ရောက်ခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အဏုမြူကော်ပိုရေးရှင်းရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ကြပါသေးတယ်။

အဲဒီတွေ့ဆုံမှုကနေ မြန်မာနိုင်ငံမှာ အသေးစားနျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရေးနဲ့ နျူက လီးယားစွမ်းအင် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်ရေးဆွဲဖို့ ကိစ္စရပ်တွေကို ဆွေးနွေးပြီး သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.