မော်လမြိုင်၊ နိုဝင်ဘာ (၂၃)

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပေါ် အာဏာသိမ်း စစ်ကောင်စီက တရားစွဲထားတဲ့ ရွေး ကောက်ပွဲ မလျော်သြဇာမှုတွေအတွက် လာမယ့်ရုံးချိန်းမှာ အပြီးသတ်လျှောက်လဲချက်ပေးသွားဖို့ ရှိနေတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ) နဲ့ အမှု ၂ မှု ဖွင့်ထားတာ ဖြစ်ပြီး အဲဒီအမှုအတွက် နိုဝင်ဘာ ၂၂ ရက်နေ့မှာ ရုံးထုတ် စစ်ဆေးခဲ့တာပါ။

အဲဒီရုံးချိန်းမှာတော့ ဝန်ကြီးချုပ်ဒေါက်တာအေးဇံဘက် တင်သွင်းထားတဲ့ တရားခံ သက်သေဖြစ်တဲ့ မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းဇော်ကို စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီက တရားစွဲထားတဲ့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ ရွေးကောက်ပွဲအမှုတွေဟာ သမ္မတခွင့်ပြုမိန့် မပါတာကြောင့် အမှုတစ်ခုလုံးကို ချေဖျက်ပေးဖို့ ရှေ့နေ့အဖွဲ့က ရုံးတော်သို့ လျှောက်တင်ခဲ့ပေမယ့် ပယ်ချခံထားရပြီးနောက် ဆက်လက် စစ်ဆေးနေတဲ့ အမှုတွေလည်း ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ ရွေးကောက်ပွဲအမှုတွေကို မော်လမြိုင်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထင်ကျော်က တရားလိုအဖြစ် ဆောင်ရွက်နေတာပါ။

လက်ရှိမှာတော့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက အမှု ၁၁ မှုအတွက် ထောင်ဒဏ် ၂၅ နှစ်အမိန့်ချမှတ်ပြီး ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.