မော်လမြိုင်၊ နိုဝင်ဘာ (၂၃)

နိုင်ငံတဝန်းမှာ အာဏာသိမ်း စစ်ကောင်စီလက်ထက် အမျိုးသမီးပါဝင်နိုင်မှု အခန်းကဏ္ဍ ပိုမို ကျဆင်းလာသလို အမျိုးသမီးအရေး အခွင့်အရေးအပြင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကအစ လုံးဝဆုံးရှုံးသွားပြီလို့ အမျိုးသမီးအရေး ကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောဆိုလိုက်ပါတယ်။

အမျိုးသမီးတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် အရင်ကလို ကဏ္ဍအသီးသီးတွေမှာ ပူးပေါင်းပါဝင် ဆောင်ရွက်ခွင့် မရရှိတော့သလို ကျန်းမာရေး၊ လူမှုရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်း ကဏ္ဍတွေ အပါ အဝင် တခြားကဏ္ဍတွေမှာလည်း ပါဝင်နိုင်မှု မရှိသလောက် နည်းပါးလာတာပါ။

အမျိုးသမီးအရေး ကူညီဆောင်ရွက်နေသူ တစ်ဦးကတော့ စစ်ကောင်စီလက်ထက်မှာ အမျိုးသမီး ပါဝင်နိုင်မှု အခန်းကဏ္ဍ ၈၀ ရာခိုင်နှုန်းနီးပါးထိ ကျဆင်းလာသလို အမျိုးသမီးအခွင့်အရေးတွေလည်း မရှိတော့ဘူးလို့ ပြောပါတယ်။

“ကျွန်မတို့ လူမှုရေး လုပ်နေပါတယ် ဆိုတာတောင်မှ နိုင်ငံရေးလုပ်ပါတယ် ဆိုပြီးတော့ အဖမ်းအဆီးတွေက များနေတယ်။ လုံခြုံမှု မရှိနေဘူးပေါ့ရှင်။ ဒီလူမှုရေးအလုပ်တွေမှာ ကျွန်မတို့ အလုပ်လုပ်ချင်တယ်။ နောက်ပူးပေါင်းပြီးတော့ ပါဝင်ချင်တယ်။ လုပ်ချင်တဲ့ အမျိုးသမီးတွေ၊ လုပ်နိုင်တဲ့ အမျိုးသမီးတွေ အများကြီးပဲ။ ဒါပေမယ့် ပါဝင်ပတ်သက်မှုနှုန်း ဘယ်လောက် လျော့သွားလည်းဆိုတာ (၈၀)လောက်တော့ လျော့သွားတယ်။ စိတ်ထဲမှာရှိတဲ့ အမှား၊အမှန်ကိုတောင် ကျွန်မတို့ ရေးခွင့် မရှိဘူး။ ပြောခွင့်မရှိဘူး။ လူ့အခွင့်အရေးတောင် မရနေတော့ အမျိုးသမီး အခွင့်အရေးသည် လူ့အခွင့်အရေးရဲ့ တစ်စိတ်တစ်ပိုင်းထဲမှာ ပါတယ်လေ။ အဲဒီတော့ လူ့အခွင့်အရေးတောင်မှ အပြည့်အဝ မရနေတဲ့ အနေအထားမှာ အမျိုးသမီး အခွင့်အရေးကတော့ အဝေးကြီးမှာဘဲ ဖြစ်နေပြီ”လို့ ဆိုပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေး အခန်းကဏ္ဍတွေမှာ ပါဝင်လာမှု မရှိသလောက် နည်းပါလာသလို ခေါင်းဆောင်နိုင်မှုနဲ့ စွမ်းဆောင်နိုင်မှုတွေကိုပါ ထုတ် ဖော်ပြသခွင့် လျော့နည်းလာတယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီလက်ထက် အမျိုးသမီးပါဝင်နိုင်မှု အခန်းကဏ္ဍအရ စစ်ကောင်စီအဖွဲ့ဝင် ၁၈ ဦးထဲမှာ အမျိုးသမီးတစ်ဦးသာ ပါဝင်နေပြီး ရာခိုင်နှုန်းအနေနဲ့ ၅ ရာခိုင်နှုန်းလောက်သာ ရှိနေတာ ဖြစ်ပါတယ်။

အမျိုးသမီးအရေး ကူညီဆောင်ရွက်နေသူ တစ်ဦးကလည်း စစ်ကောင်စီလက်ထက် အမျိုးသမီး ပါဝင်နိုင်မှု အခန်းကဏ္ဍ ပိုမို လျော့ကျလာသလို စစ်ကောင်စီဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အခန်းကဏ္ဍတွေမှာလည်း ပျောက်ဆုံးလာတယ်လို့ ပြောပါတယ်။

“အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍအနေနဲ့ ဆိုရင်တော့ အရင်လောက်တော့ သိပ်တော့မရဘူးပေါ့နော်။ CSO အခန်းကဏ္ဍမှာ ကျတော့ Registration အဓိက။ ဆိုတော့ CSOအခန်းကဏ္ဍတွေကို သိပ်ပြီးတော့ အများကြီး အလေးတော့ မပေးဘူးပေါ့နော်။ နောက်ဌာနဆိုင်ရာတွေထဲမှာလည်း လက်ရှိမှာ CSOတွေရဲ့ အခန်းကဏ္ဍက နည်းနည်းပျောက်တာပေါ့နော်။ အရင်တုန်းက ထဲထဲဝင်ဝင် လုပ်နေတဲ့ အခါကျတော့ နည်းနည်းလေးတောင် ပျောက်သလိုလို ဖြစ်လာရာကနေ အခုနောက်ပိုင်းမှာကျတော့ သိပ်ပြီးတော့ အဆင်မပြေဘူးပေါ့”လို့ ဆိုပါတယ်။

တစ်ဖက်မှာတော့ အမျိုးသမီးတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် အကြမ်းဖက်ခံရတာ၊ ဖိနှိပ်ခံရတာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ အမှုတွေအတွက်လည်း ဥပေဒအကာအကွယ်မရတော့လို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေပါ ဆုံးရှုံးနေရပါတယ်။

အမျိုးသမီးတွေရဲ့ ပူးပေါင်းပါဝင်မှု အခန်းကဏ္ဍတွေ လျော့ကျလာတာကြောင့် ရေရှည်မှာ အမျိုးသမီးတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ လွပ်လပ်စွာ ရပ်တည်နေထိုင်ခွင့်အပါအဝင် အခွင့်အရေး အားလုံးနီးပါး ဆုံးရှုံးလာနိုင်တယ်လို့ ဆိုကြပါတယ်။

အမျိုးသမီးတွေဟာ စစ်ကောင်စီလက်ထက် ကဏ္ဍအသီးသီးမှာ ပါဝင်နိုင်မှု လျော့ကျလာပေမယ့် စစ်အာဏာရှင် တော်လှန်ရေးမှာ ထဲထဲဝင်ဝင် ဦးဆောင်ပါဝင်နေတဲ့ အမျိုးသမီးတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ NLD အစိုးရ လက်ထက်တုန်းက အမျိုးသမီးတွေဟာ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးကဏ္ဍတွေမှာ ပူးပေါင်းပါဝင်တာနဲ့ ဦးဆောင်ဆုံးဖြတ်နိုင်တဲ့ အခြေအနေ တစ်ခုကို ရောက်ရှိခဲ့ပေမယ့် စစ်ကောင်စီလက်ထက်မှာတော့ အမျိုးသမီး ပါဝင်နိုင်မှု အခန်းကဏ္ဍ မရှိသလောက် နည်းပါးလာတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.