ကယားပြည်နယ်ထဲမှာ စစ်ကောင်စီ လုပ်မယ့် ရွေးကောက်ပွဲကို ကျင်းပခွင့်ပေးမှာ မဟုတ်သလို နိုင်ငံရေး ပါတီ တွေကိုလည်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပေးအပ်သွားမှာ မဟုတ်ဘူးလို့ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) က တရားဝင် ထုတ်ဖော် ပြောဆို ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီ လုပ်မယ့် ရွေးကောက်ပွဲကို KNPP အနေနဲ့ ဘယ်လို တားဆီး ဆောင်ရွက်သွားဖို့ စီစဉ်ထားပါသလဲ။ စစ်ကောင်စီ လုပ်မယ့် ရွေးကောက်ပွဲအပေါ် ဘယ်လိုမြင်ပါသလဲ။ ဒီအ ခြေအနေတွေနဲ့ ပတ်သက်ပြီး KNPP အတွင်းရေးမှူး(၁) ခူဒယ်နီယာနဲ့ ဆက်သွယ်မေးမြန်းချက်။
-အရင်ဆုံး KNPP အနေနဲ့ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောင်ပွဲအပေါ်ဘယ်လိုမြင်ပါသလဲ။
ကျွန်တော်တို့အနေနဲ့ကတော့ အခုသူတို့ပြန်လုပ်မယ့် ရွေးကောက်ပွဲက လောလောဆယ်သူတို့က စစ်အာဏာ သိမ်းထားတာတွေရှိတယ်။ ပြီးခဲ့တဲ့ ဒီမိုကရေစီကာလလို့ ပြောရမှာပေါ့လေ။ လူထုကလည်းပါဝင်ထားပြီးသား ရွေးကောက်ပွဲတစ်ခုကို ဖျက်ဆီးလိုက်တယ်။ သူတို့က ပြန်လုပ်တယ်ဆိုတော့ ကျွန်တော်တို့အမြင်မှာ တရားမျှ တမှုမရှိဘူး။ မတရားဘူးပေါ့လေ။ ကျွန်တော်တို့မြင်တယ်။ နောက်မှ၂၀၀၈ဖွဲ့စည်းပုံက ထွက်လာတည်းကိုက ကျွန်တော်တို့က လက်မခံခဲ့ဘူး။ တရားဝင် ထုတ်ပြန်ထားတာတွေရှိတယ်။ အခုက ၂၀၀၈အခြေခံဥပဒေကို အ ခြေခံပြီး ရွေးကောက်ပွဲ ဖြစ်မယ်ဆိုရင် ဒါကလူထုအတွက်က ဒီမိုကရေစီနိုင်ငံအောက်မှာရှိတဲ့ ရွေးကောက်ပွဲ တစ်ခုလိုမျိုး လူထုအတွက် သက်ရောက်မှုရှိမှာ မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ကယုံကြည်ပြီးသားပါ။
-လက်ရှိမှာရော စစ်ကောင်စီက ကယားပြည်နယ်အတွင်း ရွေးကောက်ပွဲ လုပ်ဖို့ ဘာတွေလုပ် ဆောင်နေတာ ရှိပါသလဲ။
သန်းခေါင်စာရင်းတွေ လိုက်စစ်နေတာတော့ တချို့တော့ကြားတယ်။ နောက်ပြီးတော့ မြို့ထဲရပ်ကွက်တွေ ပေါ်မှာပဲ သေချာစိစစ်မှုတွေ လုပ်မယ်လို့တော့ သူတို့ပြောနေတာရှိတယ်။ သို့သော် ကျွန်တော်တို့က လုပ် သေးလား၊မလုပ်ဘူးလား အဲ့ဒါတော့မသိဘူး။ လူထုတွေကို ပြန်ခေါ်လာတာတော့ ကြားတယ်။ ဒီလောက် ပါပဲ။ ထူးထူးခြားခြား ကြားတာတော့ မရှိဘူး။
-ကယားပြည်နယ်မှာရော ရွေးကောက်ပွဲ ဖြစ်မယ်လို့ ထင်ပါသလား။ဒီအခြေအနေနဲ့ ပတ်သက်ပြီး သုံးသပ် ပေးပါဦး။
အောင်မြင်စွာ လုပ်နိုင်မယ်ဆိုတာက ဘယ်လိုမှမဖြစ်နိုင်ဘူး။ သို့သော်သူတို့က တပ်ဘက်တပ်မတော်တွေက ရှိနေတယ်။ တပ်အင်အားတွေလည်း တိုးချဲ့ထားတာရှိတယ်။ ကရင်နီပြည်နယ်မှာ မဲထည့်နိုင်တဲ့ လူဦးရေ နှစ် သိန်းရှိတယ် ထားပါတော့။ ကျွန်တော်ထင်ပါတယ်။ တစ်သိန်းတောင် ရှိချင်မှရှိမယ်။ ငါးသောင်းပဲ ထည့်ကောင်း ထည့်နိုင်တယ်။ ဒါက လူထုအတွက် အောင်မြင်တယ်လို့ ပြောလို့လည်းမရဘူး။ လူထုအတွက်လည်း အောင် မြင်တဲ့ ရွေးကောက်ပွဲတစ်ခုပါလို့ လူထုကလက်ခံမှာမဟုတ်ဘူး။
-ကယားပြည်နယ်မှာ အရင်က ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေ ဘယ်ပါတီတွေရှိလဲ။ အဲဒီထဲက ဘယ်ပါတီတွေ က ရွေးကောက်ပွဲ ဝင်ပြိုင်မယ်ထင်ပါသလဲ။
ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက တော်တော်များများက ဝင်ပြိုင်ပါတယ်။ ကြံ့ခိုင်ရေးရော၊ နောက်တိုင်းရင်းသား ပါတီထဲကဆို ရှမ်းလည်းရှိတယ်။ ပအိုဝ့်လည်းရှိတယ်။ တော်တော်များများ လာပြိုင်ကြတယ်။ အခုချိန်မှာတော့ ပြည်မက ဝင်လာမယ်လို့ မကြားရသေးဘူး။ ကြံ့ခိုင်ရေးကလွဲလို့ပေါ့။ ကျွန်တော်တို့ကတော့ ဘယ်ပါတီကိုမှ ဆက်ဆံမလုပ်ဘူး။ ကျွန်တော်တို့နဲ့ ရင်းနှီးတဲ့ပါတီဆိုလို့ NLDရှိတယ်။ ကယန်းဒီမိုကရတ်တစ်ရှိတယ်။ ကယန်း အမျိုးသားပါတီရှိတယ်။ ဒါတွေကတော့ သူတို့ပြိုင်မယ်၊ မပြိုင်ဘူးဆိုတာကတော့ NLDကလွဲလို့ ကျန်တဲ့အဖွဲ့ တွေကတော့ ဘာမှပြောတာတော့ မကြားသေးဘူး။
-ကယားပြည်နယ်ထဲမှာ စစ်ကောင်စီ လုပ်မယ့် ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီကို ဘယ်လိုဆောင်ရွက် သွားဖို့ရှိပါသလဲ။
ကျွန်တော်တို့ကတော့ တရားဝင်ပြောပြတယ်။ ဒီကရင်နီပြည်မှာ ရွေးကောက်ပွဲပြုလုပ်ခွင့်ပေးမှာ မဟုတ်ဘူး။ ဒီလောက်နဲ့ပဲ လုံလောက်ပြီ။ ဘာလုပ်မယ်၊ ညာလုပ်မယ် အဲဒီဟာတော့ မပြောလိုဘူး။ လူထုကလည်း လက်ခံ ထားပြီးသားပါ။ ဒီရွေးကောက်ပွဲက လူထုအတွက်မဟုတ်ဘူး။ မဖြစ်နိုင်ဘူးဆိုတာ စစ်အာဏာရှင်တွေရဲ့ သက် ဆိုးရှည်ဖို့အတွက် ရွေးကောက်ပွဲဆိုတာ အများစုက သိနားလည်ပြီးသား ဖြစ်ပါတယ်။ ဒီဝင်ပြိုင်တဲ့ပါတီတွေက သူနဲ့ တသားတည်းပဲ ဖြစ်သွားတာပဲ။ စစ်ကောင်စီနဲ့ တစ်တန်းတည်းဖြစ်သွားမှာပေါ့။
-နောက်ဆုံးအနေနဲ့ စစ်ကောင်စီ လုပ်မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာများဖြည့်စွက် ပြောကြားလိုတာ ရှိမလဲ။
တစ်နိုင်ငံလုံးက လူထုတွေက လက်ခံမှာမဟုတ်ဘူး။ နေရာတိုင်း ဒီလိုတစ်သံတည်း ထွက်နေရင်တော့ အကောင်းဆုံးပဲ။ တိုင်းသူပြည်သားတွေအားလုံးက မတရားဖိနှိပ်ခံရတယ်။ သတ်ဖြတ်ခံရတဲ့အပေါ်မှာ ပါတီတွေ ကလည်း နားလည်ဖို့လိုတယ်။ ဒီတစ်ခုပဲပြောချင်ပါတယ်။