အမှန်/အမှား
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီး လူထုတော် လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို အမှန်/အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “ဒီမော့ဆို မြို့ရှိ စာသင်ကျောင်းအား PDF အကြမ်းဖက်သမားများမှ လက်နက်ကြီးဖြင့်ပစ်ခတ်”ဆိုတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို စစ်တပ်ကို ထောက်ခံတဲ့အကြောင်း အများအားဖြင့် ဝါဒဖြန့်ဝေလေ့ရှိတဲ့ စောစိုင်းမှိုင်းဝေ တယ်လီဂရမ်က နိုဝင်ဘာလ (၁၆)ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။
“ကလေးများကျောင်းတက်သည့်အတွက်ဟုဆို ဒီးမော့ဆို မြို့ရှိ စာသင်ကျောင်းအား PDFအကြမ်းဖက် သမားများမှ လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် ၅နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး ယုတ်မာတဲ့နေရာမှာ ပြိုင်စံရှားပဲ”ဆိုကာ ဓာတ်ပုံတွေနဲ့ သတင်းမှား ဖြန့်ဝေခဲ့ကြတာပါ။
စစ်တပ်ထောက်ခံသူတွေရဲ့ အကောင့်တုတွေကို အောက်ပါလင့်တွေမှာ ကြည့်ရှုနိုင်ပါတယ်။
https://t.me/bathaungnews/1476?single
ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။
ဖြစ်စဉ်အမှန်ကတော့ ၂၀၂၂၊နိုဝင်ဘာ( ၁၅ )ရက်နေ့က ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ မူကြိုကျောင်းတကျောင်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ၅ နှစ်အရွယ် မိန်းကလေးတဦး သေဆုံးပြီး ၉လအရွယ် ကလေးငယ်တဦးအပါအဝင် လက်နက်မဲ့ အရပ်သား ၈ ဦး ဒဏ်ရာရခဲ့ပါတယ်လို့ Karenni’s Voice သတင်းဌာနက လက်နက်ကြီးကျရောက်ခဲ့တဲ့နေရာရှိ ဒေသခံတွေကို မေးမြန်းကာ ရေးသားဖော်ထုတ်ထားတာ တွေ့ရပါတယ်။
ညနေ ၅:၃၀ အချိန်ခန့်က လက်နက်ကြီးထိမှန်ခဲ့တာ ဖြစ်ပြီး ၅ နှစ်အရွယ် မိန်းကလေးဟာ ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့သလို အသက် ၃၀ ကျော်အရွယ် အမျိုးသား တဦးလည်း ဒဏ်ရာပြင်းထန်ကာ စိုးရိမ်ရတယ်လို့ မိသားစုဝင်တဦးက Karenni’s Voice ကို ပြောပြထားတာ တွေ့ရပါတယ်။
Karenni’s Voice သတင်းဌာနကရေးသားဖော်ပြထားတာ တွေ့ရပါတယ်။
Karenni’s Voice သတင်းဌာနရဲ့ သတင်းလင့်
RFA သတင်းဌာနရဲ့ သတင်းလင့်
ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “ဒီမော့ဆို မြို့ရှိ စာသင် ကျောင်းအား PDFအကြမ်းဖက်သမားများ မှလက်နက်ကြီးဖြင့် ပစ်ခတ်” ဆိုတဲ့ သတင်းဟာ စစ်တပ်ထောက်ခံသူတွေဘက်က စွပ်စွဲရေးသားထားတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်