ရေး၊ နိုဝင်ဘာ (၂၂)
အာဏာသိမ်း စစ်ကောင်စီ ဖိအားကြောင့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မြောက်ပိုင်းဒေသက စာသင် ကျောင်းတွေကို ကျောင်းပြန်ဖွင့်ထားပေမယ့် ကျောင်းတက်သူ မရှိသလောက် နည်းပါးနေတယ်လို့ ဒေသခံတွေနဲ့ ကျောင်းသားမိဘတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
နယ်မြေလုံခြုံရေး အခြေအနေကြောင့် ကျောင်းပိတ်ထားတဲ့ ရေးမြောက်ပိုင်းဒေသက စာသင်ကျောင်းတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့မှာ စစ်ကောင်စီဘက်က စာသင်ကျောင်းတာဝန်ရှိသူတွေ အပါ အဝင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူတွေ့ဆုံပြီးနောက် ကျောင်းပြန်ဖွင့်ဖို့ ဖိအားပေးလာတာပါ။
စစ်ကောင်စီဘက်က ဖိအာပေးလာတာကြောင့် စာသင်ကျောင်းအများစု ကျောင်းပြန်ဖွင့်ထားပေမယ့် ကျောင်းသား မိဘတွေကတော့ ကလေးတွေကို ကျောင်းမလွှတ်ရဲကြသေးဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီဟာ ရေးမြောက်ပိုင်းဒေသက စာသင်ကျောင်းတွေကို ကျောင်းပြန်ဖွင့်ခိုင်းထားပြီး စာသင်ကျောင်း တွေမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အပါအဝင် ပြည်သူ့စစ်တွေက လုံခြုံယူထားတယ်လို့ သိရပါတယ်။
နှစ်ဖက်စစ်ရေး တင်းမာနေတဲ့အတွက် ရေးမြောက်ပိုင်းဒေသက စာသင်ကျောင်းတွေကို ကျောင်းပိတ်ထားပေးဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့မှာ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)က ထုတ်ပြန်ထားပါတယ်။
ရေးမြောက်ပိုင်းဒေသက စာသင်ကျောင်း အခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ မွန်ပြည်နယ် ပညာရေးမှူးကို သံလွင်တိုင်မ်းက ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ရေးမြို့နယ်ထဲမှာတော့ စာသင်းကျောင်းပေါင်း ၂၇၈ ကျောင်း ထက်မနည်း ရှိနေတာ ဖြစ်ပြီး ကျောင်းသူ၊ကျောင်းသား ၃၀၀၀၀ ကျော် တက်ရောက် သင်ကြားနေတာပါ။
သတင်း – သံလွင်တိုင်းမ်