လွိုင်ကော် – နိုဝင်ဘာ(၂၁)

ကယားပြည်နယ် လွိုင်ကော်မြို့မှာ ရိက္ခာသွားပို့တဲ့ စစ်ကောင်စီ တပ်ကို ကရင်နီအမျိုးသား ကာကွယ်ရေးတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ အထိနာသွားတဲ့ စစ်ကောင်စီဟာ လွိုင်ကော် ဒေသခံ ဆွံ့အသူတစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးပြီး ရိုက်နှက်ခဲ့တယ်လို့ KNDF က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ(၁၃) ရက်နေ့က လွိုင်ကော်မြို့ လောပိတ ဘီလူးချောင်းအနီးမှာ ရိက္ခာပို့နေတဲ့ စစ်ကြောင်းကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF B-10 က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

ကြားဖြတ်တိုက်ခိုက်ခံလိုက်ရတဲ့ စစ်ကောင်စီတပ်ဟာ မွေးရာပါစကားမပြောနိုင်တဲ့ အသက် (၃၂) နှစ်အရွယ် လူငယ်တစ်ဦးကို ဖမ်းဆီးပြီး ရိုက်နှက်ကာ ပြန်လွှတ်ပေးခဲ့တယ်လို့ KNDF သတင်း ပြန်ကြားရေးတာဝန်ခံ က သံလွင်တိုင်းမ်ကို ပြောပါတယ်။

လောပိတမြို့ ဘီလူးချောင်းအနီးက စစ်ကောင်စီရဲ့ လောထော်တောင်ပေါ်စခန်းကို ရိက္ခပို့ဖို့ အရပ်ဝတ်တွေနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်(၅) ဦးကို KNDF B-10 က ကြားဖြတ် တိုက်ခိုက်ခဲ့တဲ့အတွက် ဗိုလ်ကြီးတစ်ဦးအပါအဝင် (၃) ဦးသေဆုံးခဲ့ပြီး MA-1 အမျိုးအစား သေနတ်တစ်လက်၊ ကျည်ဘောက်(၄)ခု၊ကျည်ဆံတွေနဲ့ ဖုန်းတစ်လုံးသိမ်းဆည်းရမိခဲ့တယ် လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ (၁၀) မိနစ်ကြာ ထိတွေ့တိုက်ပွဲအတွင်း လောပိတအခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ကူပေးခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦးထဲက (၂) ဦးလွတ်မြောက်သွားခဲ့တာဖြစ်တယ်လို့ KNDF က ဆိုထားပါတယ်။

ကယားပြည်နယ်ထဲမှာ နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေဟာ မြို့နယ်(၅) မြို့နယ်မှာ တိုက်ပွဲပေါင်း (၁၃) ကြိမ်နီးပါးဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၉) ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ KNDF ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.