ကြာအင်းဆိပ်ကြီး၊ နိုဝင်ဘာ (၂၀)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေအတွင်းမှာရှိတဲ့ လွတ်ရှမ်းကျေးရွာထဲက စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ နောက်ထပ်တစ်ကြိမ် ထပ်မံလာရောက်တိုက်ခိုက်ပါက ကျေးရွာကို မီးရှို့ဖျက်ဆီးမယ်လို့ စစ်ကောင်စီတပ်က ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ-သံဖြူဇရပ် ကားလမ်းပေါ်ရှိ လွတ်ရှမ်းကျေးရွာမှာ ခြေကုတ်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ(၁၅)ရက်နေ့ မနက်ပိုင်းမှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခြေမှုန်းခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ များပြားခဲ့ပြီး အထိနာသွားခဲ့တာဖြစ်ပါတယ်။

လွတ်ရှမ်းကျေးရွာအတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ အထိနာသွားခဲ့တဲ့စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပြီးတဲ့နောက် နိုဝင်ဘာ(၁၇)ရက်နေ့က ကျေးရွာအုပ်ချုပ်ရေးလူကြီးတွေနဲ့ ဆရာတော်တွေထံ သွားရောက်ပြီး တပ်စခန်းကို နောက်တစ်ကြိမ် ထပ်မံလာရောက်တိုက်ခိုက်မှု လုပ်ဆောင်ပါက ကျေးရွာကိုမီးရှို့ဖျက်ဆီးသွားမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ဝင်းရော်ဒေသ နွေဦးတော်လှန်ရေးလှုပ်ရှားလူငယ်တွေက ပြောပါတယ်။

လွတ်ရှမ်းရွာရှိ စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခါနီးမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ အဆက်မပြတ် လာရောက်ပစ်ခတ်ဗုံးကြဲခဲ့တဲ့အတွက် စခန်းမသိမ်းပိုက်နိုင်ဘဲ တော်လှန်ရေးအင်အားစုတွေ ပြန်လည်ဆုတ်ခွာခဲ့ရတာပါ။

တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဟာ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေသာမက စခန်းကိုအင်အားဖြည့် စစ်ကူပေးနေစဉ်အတွင်း စစ်ကောင်စီတပ်က ဒေသခံရွာသားတွေကို ဖမ်းဆီးကာ လူ သားဒိုင်းအဖြစ် အသုံးပြုချတာတွေလည်း ရှိနေတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်စဉ်အတွင်း အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်ပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုတာ၊ စခန်းတိုက်ခိုက်ခံခဲ့ရပါက ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ရွာကို မီးရှို့ဖျက်ဆီးတာ စတဲ့လုပ်ရပ်မျိုးတွေ မကြာခဏဆိုသလို လုပ်ဆောင်နေတာပါ။

KNU တပ်မဟာ(၆)နယ်မြေဖြစ်တဲ့ လွတ်ရှမ်းကျေးရွာအတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက် လွတ်ရှမ်းကျေးရွာနဲ့ အနီးအနားရွာတွေက ဒေသခံပြည်သူ(၂၀၀၀)နီးပါးဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ထံကနေသိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.