ရန်ကုန်၊ နိုဝင်ဘာ (၂၀)

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေထဲက တပ်ဖွဲ့ဝင် (၄၀) ကျော်ကို စစ်ကောင်စီက ပြန်လွှတ်ပေးတာဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖိအားနဲ့အတူ ကျဆင်းနေတဲ့ နိုင်ငံရေးသိက္ခာ အဖတ်ဆယ်ဖို့သာ ဖြစ်တယ်လို့ ဝါရင့်နိုင်ငံရေးသမားတွေနဲ့ EOAs တွေက ပြောဆိုလိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ (၁၇) ရက်နေ့က ကျရောက်ခဲ့တဲ့ အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကိုရှေးရှုပြီး အကျဉ်းကျခံနေရတဲ့ EAOs တပ်ဖွဲ့ဝင်တွေကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ နိုဝင်ဘာ (၁၈) ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

လွတ်ငြိမ်းခွင့်ရတဲ့EAOs တပ်ဖွဲ့ဝင် (၄၁) ဦးမှာ ရက္ခိုင့်တပ်တော်(AA) နဲ့ ကချင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KlA) တို့က တပ်ဖွဲ့ဝင် (၁၇) ဦးစီ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) က တပ်ဖွဲ့ဝင် (၅) ဦးနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) က တပ်ဖွဲ့ဝင် (၂) ဦး ပါဝင်ပါတယ်။

ပြစ်ဒဏ်တွေကနေ လွတ်ငြိမ်းခွင့်ပြုရာမှာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ (၄၀၁) ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ရင် အဲဒီပြစ်ဒဏ်အပြင် အခုကျခံဖို့ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံပါမယ်”ဆိုတဲ့ သတ်မှတ်ချက်နဲ့ လွတ်ငြိမ်းခွင့်ပြုခဲ့တာပါ။

ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရ ပဒိုစောတောနီးကတော့ စစ်ကောင်စီက EAOs တပ်ဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးတာဟာ ပြည်တွင်းပြည်ပ ဖိအားပေါင်းစုံကို လုံးဝမခံနိုင်တော့တဲ့ အနေအထားရောက်လာတဲ့အခါကျမှသာ ပြန်လွှတ်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

“တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့ အမျိုးသားလွတ်မြောက်ရေးအတွက် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် သူတို့ တရားမျှတစွာ တိုက်ပွဲဝင်နေတဲ့သူတွေ ဖြစ်တယ်၊ အဲဒါကြောင့်မို့ သူတို့က မတရား အဖမ်းဆီးခံနေရတာ ဖြစ်တယ်၊ ဒါကြောင့် စစ်ကောင်စီဟာ အခုပြည်တွင်း ပြည်ပကနေပြီးတော့ ဖိအားပေါင်းစုံ လုံးဝမခံနိုင်တော့တဲ့ အနေအထားရောက်လာတဲ့ အခါကျမှသာ ဒီလူတွေကို ပြန်လွှတ်ပေးတာ ဖြစ်တယ်၊ ဖြစ်သင့်တာက ဒီလိုမဖြစ်ခင်ကတည်းက လွှတ်သင့်တာ ကြာလှပြီ၊ တော်လှန်ရေးသမားတွေ လွတ်လာတယ်ဆိုတာ ကျွန်တော်တို့ ဝမ်းသာရမှာပါ”လို့ သူက ပြောပါတယ်။

စစ်အုပ်စုနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူတွေကို စစ်ကောင်စီလွှတ်ပေးလိုက်တဲ့ AA တပ်ဖွဲ့ဝင် ၁၇ ဦးနဲ့ ပတ်သက်ပြီးသံလွင်တိုင်းမ်က သဘောထားတောင်းခံခဲ့ပေမယ့် တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်းတော့ မရှိပါဘူး။

ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)၊ သတင်းထုတ်ပြန်ရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ KIA တပ်ဖွဲ့ဝင် ၁၇ ဦး ပြန်လွတ်လာတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အထက်လူကြီးတွေက တစ်စုံတစ်ရာ ညွှန်ကြားထားတာ မရှိတဲ့အတွက် ဖြေကြားပေးဖို့ အဆင်မပြေဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကလည်း စစ်ကောင်စီက EAOs တပ်ဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးတာဟာ ကျဆင်းနေတဲ့ ပုံရိပ်ကို ပြန်တည့်မတ်ဖို့နဲ့ ရွေးကောက်ပွဲအတွက် တရားဝင်မှုဖြစ်အောင် ရည်ရွယ်တာလို့ ဆိုပါတယ်။

“သူတို့ လွှတ်ပေးတယ်ဆိုတာက ရခိုင်ပြည်မှာ တစ်နေ့တာ ဖမ်းဆီးတဲ့ လူလောက်ပဲ ရှိတယ်၊ အဲဒါကြောင့် ဒါ စိတ်ရင်းစေတနာအရင်းနဲ့ လွှတ်ပေးတယ်ဆိုတာထက် သူတို့ရဲ့ ကျဆင်းနေတဲ့ ပုံရိပ်တွေကို ပြန်ပြီးတော့ တည့်မတ်ချင်တဲ့ ရည်ရွယ်ချက်ရယ်၊ နိုင်ငံတကာမှာ သူတို့ကို အပြစ်တင်နေတဲ့ ဖိအားပေးမှုတွေကို လျော့ဆင်းသွားအောင်၊ လာမယ့် ရွေးကောက်ပွဲကို သူတို့ တရားဝင်မှုဖြစ်အောင် အဲဒါ ရည်ရွယ်ချက်တွေ အများကြီး ပါပါတယ်” လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့ကလည်း အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုတဲ့ အကြောင်းပြချက်နဲ့ တစ်နိုင်ငံလုံးရှိ အကျဉ်းသား ၅၇၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့တယ်လို့ ကြေညာခဲ့တာပါ။

ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ကတော့ စစ်ကောင်စီက ပြန်လွှတ်ပေးတဲ့သူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား(၇၂) ဦးကိုသာ ပါဝင်တယ်လို့ လို့ နိုဝင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်မဖော်နိုင်တဲ့အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပြည်တွင်း အတိုက်အခံအင်အားစုတွေရဲ့ ဖိအားပေးမှုတွေကို ရင်ဆိုင်နေရတဲ့အတွက် အကျဉ်းသားတွေကို ပြန်လွှတ်ပေးတာလို့ မြန်မာ့အရေးလေ့လာသူတွေက သုံးသပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.