ရန်ကုန်၊ နိုဝင်ဘာ (၂၀)
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဝန်ကြီးပရက်ဆော့ခွန်းရဲ့ တတိယအကြိမ်ခရီးစဉ်ကလည်း မြန်မာ့အရေးအတွက် ထူးခြားတဲ့ ပြောင်းလဲမှုတွေ ရှိလာမှာ မဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဝေဖန်လိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်လည်း ဖြစ်တဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးပရက်ဆော့ခွန်းဟာ သူရဲ့ တတိယအကြိမ်နဲ့ နောက်ဆုံးအကြိမ်ဖြစ်တဲ့ မြန်မာပြည်ခရီးစဉ်ကို လာရောက်ဖို့ ရှိနေတယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ (၁၇) ရက်နေ့မှာ ထုတ်ဖော်ပြောဆိုလာတာပါ။
ဒီခရီးစဉ်မှာတော့ ဆူပူအကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်ရေး၊ ယုံကြည်မှုတည်ဆောက်ရေးနဲ့ သက်ဆိုင်သူအားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်နိုင်ရေးတွေ လုပ်ဆောင်ဖို့ မျှော်လင့်တယ်လို့ သူက ပြောပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးကတော့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ပထမအကြိမ်နဲ့ဒုတိယအကြိမ် ခရီးစဉ်တွေကလည်း ဘုံသဘောတူညီချက်တွေကို အကောင်အထည် မဖော်နိုင်ခဲ့သလို အခုတတိယအကြိမ်မှာလည်း ထူးခြားတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာမှာ မဟုတ်ဘူးလို့ သုံးသပ်တာပါ။
“သူအရှေ့ကနှစ်ကြိမ်လာပြီးပြီ၊ အဲဒီတော့ အရှေ့က နှစ်ခါလာတဲ့ဟာမှာ နိုင်ငံရေးအရ ပြောင်းလဲမှု သူတို့ဘာမှ မဖော်ဆောင်နိုင်ဘူး၊ ဘုံသဘောတူညီချက် (၅)ရပ်မှာလည်း သူတို့အနေနဲ့ ထိရောက်တဲ့ အကောင်အထည်ဖော်မှုတွေလည်း အများကြီးမတွေ့ရဘူး၊ နောက်ဆုံးသူတို့ သက်တမ်းကုန်ခါနီး ထပ်လာတဲ့ဆီမှာလည်း အဓိကဘုံသဘောတူညီချက်(၅)ရပ်ထဲမှာ တွေ့ဆုံဆွေးနွေးမှုဆိုတဲ့ ကိစ္စက အများကြီးပြောင်းလဲနိုင်စရာရှိတယ်လို့ လက်ရှိအနေအထားအရ မမြင်ရသေးဘူး၊ အဲဒါကြောင့်အခုတစ်ခေါက်လာတာကလည်း လာတာပဲဖြစ်လိမ့်မယ်၊ အဖတ်တင်ပြီးတော့ နိုင်ငံရေးအရပြောင်းလဲမှုတော့ ထူးထူး ခြားခြားပြောင်းလဲမှုတော့ မရှိလောက်ဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် အာဆီယံအထူးကိုယ်စားလှယ် မလာရောက်ခင်မှာ စစ်ကောင်စီက အကျဉ်းသားတွေ လွှတ်ပေးတာဟာ အာဆီယံက ချမှတ်ထားတဲ့ မူငါးချက်နဲ့ လိုက်လျောညီထွေရှိပြီး မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခ ဖြေရှင်းရေးအတွက် ကောင်းမွန်တဲ့ လက္ခဏာဖြစ်တယ်လို့ သူက ဆိုပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီက အကျဉ်းသားတွေပြန်လွှတ်ပေးတာဟာ ရွေးကောက်ပွဲအတွက် ခြေလှမ်းတစ်ခုသာဖြစ်ကြောင်းနဲ့ ပရက်ဆော့ခွန်းရဲ့ တတိယအကြိမ်ခရီးစဉ်ကလည်း မြန်မာအရေးအတွက် မျှော်လင့်စရာမရှိဘူးလို့ ဝေဖန်တာပါ။
“တကယ်ကတော့ အကျဉ်းသားတွေ လွှတ်ပေးတယ်ဆိုတာ ဘယ်နှစ်ယောက်လွှတ်ပေးတာလဲ၊ နိုင်ငံရေးအကျဉ်းသားတွေ ဘယ်နှစ်ယောက်ပါလဲပေါ့၊ရာခိုင်နှုန်းအားဖြင့် ပြောရင် ဆယ်ရာခိုင်နှုန်းသာသာပဲပါ ပါတယ်၊ အဲဒီအနေအထားက မြန်မာပြည်ရဲ့နိုင်ငံရေးအခင်းအကျင်းနဲ့ နိုင်ငံရေးသဘောထားပြောင်းလဲမှုကို ဖော်ပြတာလို့ပြောလို့ရှိရင် တကယ်ဖြစ်နိုင်တဲ့ အခြေအနေတွေထက် ပိုပြီးတော့ကျော်လွန်ပြီး တွက်ဆရာ ရောက်ပါတယ်၊ ဖြစ်လာမယ့်ဟာက သူတို့ရွေးကောက်ပွဲတွေ ကျင်းပဖို့အတွက် ပြင်ဆင်လာတော့မှာဖြစ်ပါတယ်၊ ဒါကြောင့် တိုးတက်ပြောင်းလဲလာစရာမရှိဘူး၊ မျှော်လင့်စရာမရှိဘူး”လို့ သုံးသပ်ခဲ့ပါတယ်။
အာဆီယံအထူးကိုယ်စားလှယ်ဟာ ပြီးခဲ့တဲ့ မတ်လ(၂၁) ရက်ကနေ (၂၃) ရက်နေ့ထိ တစ်ကြိမ်၊ ဇွန်လ (၃၀) ရက်နေ့ကနေ ဇူလိုင်လ(၂) ရက်နေ့ထိ တစ်ကြိမ် မြန်မာနိုင်ငံကို လာရောက်ထားတာဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ် ဧပြီလအတွင်း ကျင်းပခဲ့တဲ့ အာဆီယံထိပ်ပိုင်းခေါင်းဆောင် အစည်းအဝေးမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဘုံသဘောတူညီချက် ၅ ရပ်ကို ချမှတ်ခဲ့ပေမယ့် ဒီကနေ့အထိ စစ်ကောင်စီဘက်က အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။
အာဆီယံဘုံသဘောတူညီချက် (၅) ရပ်မှာ ဖမ်းဆီးထားတဲ့ နိုင်ငံခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့၊ အကြမ်းဖက်ဖြေရှင်းမှုတွေ ချက်ချင်းရပ်တန့်ဖို့၊ သက်ဆိုင်ရာအစုအဖွဲ့အားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့၊ လူသားချင်း စာနာအထောက်အထားမှု အကူအညီတွေပေးဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။
အာဆီယံရဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေဟာ နောက်ပိုင်းအစည်းအဝေးတွေမှာ စစ်အုပ်စု အကြီးအကဲတွေ ဖိတ်ကြားခြင်း မရှိဘဲ ချန်လှပ်ထားတဲ့အတွက် ဘုံသဘောတူညီချက် (၅)ရပ်ကို အကောင်အထည် ဖော်ဆောင်ရွက်မှာ မဟုတ်ဘူးလို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ အာဆီယံဘုံသဘောတူညီချက်တွေဟာ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဖို့ လုံလောက်မှု မရှိတဲ့အတွက် အကောင်အထည်ဖော်ရေးနဲ့ ထိရောက်တဲ့ အကူအညီပေးနိုင်ဖို့ NUG ကို ထည့်သွင်းပြီး ပြန်လည်သုံးသပ် ဖွဲ့စည်းဖို့ လိုအပ်တယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့မှာ သဘောထားထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်