းထားဝယ်၊ နိုဝင်ဘာ (၂၀)
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောနယ်၊ ဝကုန်းကျေးရွာနဲ့သင်္ကန်တုန်းကျေးရွာအကြား ဘဲမတပ်တောင်အနီးမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၃) ဦး သေဆုံးခဲ့တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီကနေ့ နိုဝင်ဘာ (၁၉) ရက်နေ့ မနက် (၉) နာရီလောက်မှာ ထားဝယ်ကနေ ကား (၄) စီးနဲ့ဝင်လာတဲ့ တပ်အင်အား (၈၀) လောက်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကော်သူးလေအာမီနဲ့ ဒေသပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း နှစ်ဖက်တိုက်ပွဲ အချိန် တစ်နာရီခွဲကျော်အကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၃) ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်က ခြေလျင်နဲ့ စစ်ကြောင်းထပ်ထိုးဖို့ ပြင်ဆင်လာတဲ့အတွက် အခြေအနေကို စောင့်ကြည့်နေတယ်လို့ ထားဝယ်အရှေ့တော PDF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲကြောင့် ဝကုန်းကျေးရွာနဲ့ သင်္ကန်တုန်းကျေးရွာက ဒေသခံပြည်သူတချို့ ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေတယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာပါ။
သတင်း – သံလွင်တိုင်းမ်