မော်လမြိုင်၊ နိုဝင်ဘာ (၁၉)

မွန်ပြည်နယ်တဝန်းမှာ စစ်တပ် အာဏာသိမ်းတဲ့ ၂၂လတာကာလအတွင်း လျှပ်စစ်မီး ပိုမို ပြတ်တောက်လာတဲ့အတွက် အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတယ်လို့ ဒေသခံပြည်သူတွေနဲ့ SME လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လျှပ်စစ်မီးဟာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ရပ်ကွက်၊ကျေးရွာတွေအလိုက် ၃ နာရီခြား တခါအလှည့်ကျစနစ်နဲ့ ဖြန့်ဝေပေးရာကနေ လက်ရှိမှာတော့ လျှပ်စစ်မီးပေးချိန် မှန်ကန်မှု မရှိတော့သလို လျှပ်စစ်မီး ပြတ်တောက်ချိန်လည်း ပိုမိုကြာမြင့်လာတာ ဖြစ်ပါတယ်။

လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်လာတဲ့အတွက် လုပ်ငန်းတွေမှာ မီးစက်တွေကို အဓိက အသုံးပြုနေတာကြောင့် အထွေထွေကုန်ကျစရိတ် ကြီးမြင့်မှုကို ပိုမိုရင်ဆိုင်လာရတယ်လို့ SME လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“အရာရာ အများကြီး အခက်အခဲတွေ ရှိတယ်လေ။ ရှင်းရှင်းပြောရရင် ဖုန်းအားသွင်းဖို့တောင် အဆင်မပြေတဲ့ အခါမျိုးတွေ တစ်ခါတလေကျရင် ဝန်ထမ်းတွေက ထမင်း၊ဟင်း ပုံမှန်မရလို့ မီးမလာလို့ ထမင်းမချက်ရလို့ ဆိုပြီးတော့ အလုပ်မဆင်း အလုပ်ပျက်တာမျိုးတွေလည်း ရှိတယ်။အဲဒီလောက်ထိတောင် ဖြစ်တာ။ မီးပျက်တဲ့ အချိန်က အရမ်းများလာတာကို။ ကျွန်တော်တို့ကျတော့ မီးစက်ရှိတော့ ဒီလိုပဲ မီးစက်နဲ့ သုံးရတာပေါ့။ မီးစက်မရှိတဲ့ အခါကျရင် ကိုယ်ကဒီမှာ ဒီမီးစက်ကြီးကို အလုပ်ဆိုဒ် (၂)ဆိုဒ်၊ (၃)ဆိုဒ်လောက် ခွဲသွားပြီး ဆိုလို့ရှိရင် အဲဒီ မီးစက် သယ်ရ၊ရွေ့ရတာ အဆင်မပြေဘူး”လို့ ဆိုပါတယ်။

လျှပ်စစ်မီး ပိုမို ပြတ်တောက်လာတဲ့အတွက် SME လုပ်ငန်းအများ လုပ်ငန်းတွေ လျော့ချလာကြသလို တချို့လုပ်ငန်းတွေကလည်း ရပ်နားတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။တဖက်မှာတော့ လျှပ်စစ်မီး ပိုမို ပြတ်တောက်လာတဲ့ ပြဿနာကို SME လုပ်ငန်းတွေ နည်းတူ ပြည်သူတွေလည်း အလူးအလဲခံစားနေရတာပါ။

“ထမင်းအိုးကျက်ဖို့ ဥပမာဗျာ (၁၀)မိနစ် ၊(၁၅)မိနစ်လောက်ဆို အဲဒီလောက်လာပေးရင်တောင် ကျေနပ်တယ်။ အခုလာပြီးရင် ခဏနေ ပျက်သွားရော။ ဖုန်းအားသွင်းဖို့ရော၊ အခု Wi-fiက မီးမလာတော့ Wi-fi မရ၊ Wi-fi မရတော့ အပြင်လိုင်းနဲ့ ပြန်သုံး ပိုက်ဆံပိုကုန်တာပေါ့။ တစ်နေကုန်လည်း မလာဘူး၊ တစ်နေ ကုန်မှ ညအိပ်ခါနီးကျရင် (၂)နာရီ လောက်ထိလာပြီးရင် ခဏနေကျရင် ပျက်ပြန်။ မီးကတော့ နေ့တိုင်းပဲ။ ညဘက်တွေလည်း ကောင်းကောင်း မအိပ်ရဘူး။ တစ်နေကုန် ပင်ပန်းလို့ အိပ်မယ်ဆိုလည်း မီးကမလာ၊ မီးမလာတော့ ဖယောင်းတိုင်မီးနဲ့ အိပ်နေရတယ် အဲဒီလိုပုံစံပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် လျှပ်စစ်မီး ပုံမှန်မရရှိတဲ့အတွက် ဒေသခံ ပြည်သူတွေဟာ ချက်ပြုတ်ရေးက အစ ထင်း၊ မီး သွေးနဲ့ ဂတ်စ်တွေကို ပိုမို အသုံးပြုလာရသလို လုပ်ငန်းတွေမှာလည်း မဖြစ်မနေ မီးစက်ကြီးတွေ ဝယ်ယူပြီး အသုံးပြုလာရတဲ့အတွက် အထွေထွေကုန်ကျစရိတ် ကြီးမြင့်မှုကို အကြီးအကျယ် ရင်ဆိုင်နေရတာပါ။

လျှပ်စစ်မီး ပိုမို ပြတ်တောက်လာတဲ့ အခြေအနေကိုတော့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

လျှပ်စစ်မီးဟာ NLD အစိုးရလက်ထက်တုန်းက နွေရာသီလောက်မှာသာ မီးပြတ်တောက်တွေ ရှိခဲ့ပေမယ့် စစ်ကောင်စီလက်ထက်မှာတော့ တစ်နှစ်ပတ်လည်လုံး လျှပ်စစ်မီး ပြတ်တောက်မှုဒဏ်ကို ပြည်သူတွေ ခံစားနေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.