မော်လမြိုင်၊ နိုဝင်ဘာ(၁၉)
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်မှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် Non CDM ဝန်ထမ်းတွေအနေနဲ့ မလိုအပ်ရင် အပြင်မထွက်ဖို့ အာဏာသိမ်း စစ်ကောင်စီက ညွန်ကြားထားတယ်လို့ ရုံးတက်နေတဲ့ ဝန်ထမ်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်န့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(PDF) တို့ကြား နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားထားခဲ့ပြီး အဲဒီပစ်ခတ်မှုမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး သားဖြစ်သူ သေဆုံးခဲ့တာပါ။
လက်ရှိမှာ စစ်ကောင်စီက PDF ရဲဘော်တွေဟာ နေရာစုံမှာ ရှိနေနိုင်တာကြောင့် စစ်ကောင်စီ လက် အောက်ခံ ဝန်ထမ်းတွေ အနေနဲ့ သတိထား နေထိုင်ကြဖို့ အရေးကြီးတဲ့ အကြောင်းကိစ္စ မရှိဘဲ အပြင်မထွက်ကြဖို့ ညွန်ကြားထားတာပါ။
ဒါ့အပြင် အရေးကြီးတဲ့ ကိစ္စ မရှိဘဲ ရုံးချိန်တွင်း ဖြစ်စေ၊ ပြင်ပအချိန်မှာ ဖြစ်စေ အပြင်ထွက်လို့ တစ်ခုခု ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ မိမိတို့ ဌာနအနေနဲ့ ဖြေရှင်းပေးမှာ မဟုတ်ကြောင်း ပြောဆိုလာတယ်လို့ ရုံးတက်နေတဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
မော်လမြိုင်မြို့မှာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီက မြို့ပေါ်မှာ လုံခြုံ ရေး တင်းကျပ်ထားသလို မြို့ဝင်၊ မြို့ထွက်တွေမှာလည်း အင်အား အများအပြား အသုံးပြုပြီး စစ်ဆေး မေးမြန်းတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် မြို့အတွင်း ပြည်သူတွေရဲ့ လှုပ်ရှားသွားလာမှုတွေကိုလည်း တပ်ဆင်ထားတဲ့ CCTVတွေက တဆင့် အမြဲ အဆက်မပြတ် စောင့်ကြည့်တာတွေ လုပ်ဆောင်နေသလို ရပ်ကွက်တွေထဲမှာလည်း စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဟာ အရပ်ဝတ်တွေအပြင် အိမ်စီးကားတွေ၊ ဆိုင်ကယ်တွေ အသုံးပြုပြီး လှည့်လည်နေတာ ဖြစ်ပါတယ်။
မော်လမြိုင်မြို့ပေါ်က နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုမှာ PDF ရဲဘော် ၅ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ မော်လမြိုင် အခြေစိုက် အထူးမြေအောက်လှုပ်ရှားမှု အင်အားစုက ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်