ဘားအံ၊ နိုဝင်ဘာ (၁၉)
ကရင်အမျိုးသားအစည်းအရုံး(KNU) ဘားအံမြို့နယ် မိကရင်ကျေးရွာထဲမှာ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား (၂)ဦး သေဆုံးသွားခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ (၁၇) ရက်နေ့ ညနေ(၄)နာရီခွဲအချိန်ခန့်က နယ်ခြားစောင့်တပ် BGF (၁၀၁၁)တပ်ရင်း၊ တပ်ခွဲ(၂)တပ်ခွဲမှူး ဗိုလ်မောင်ငြိမ်းဦးဆောင်တဲ့အဖွဲ့ဟာ သံလွင်မြစ်တဖက်ကမ်းကနေ ကူးတို့ဖြင့်ကူးလာပြီး မိကရင်ကျေးရွာအတွင်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာပါ။
ဒီလို ရမ်းသမ်းပစ်ခတ်မှုကြောင့် မိကရင်ကျေးရွာက အသက်(၇)နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ အသက် (၂၇)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ နေရာမှာ ပွဲချင်းပြီးသေဆုံးကာ ကလေးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ KNU က ဆိုပါတယ်။
BGF တပ်ဖွဲ့တွေက ကျေးရွာအတွင်း ရမ်းသမ်းပစ်ခတ်မှု မဖြစ်ပွားခင် မနေ့ညနေ (၃)နာရီခွဲအချိန်က မိကရင်ကျေးရွာမှာ တပ်စွဲထားတဲ့ BGF ကားမှောင်ခိုဂိတ်အဖွဲ့နဲ့ KNLA တပ်ရင်း(၁)ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး BGF ဘက်မှ (၂)ဦးသေဆုံးထားပါတယ်။
နှစ်ဖက် ထိတွေ့ပစ်ခတ်မှု ဖြစ်ပြီး KNLA တပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာလာပြီးနောက်မှာတော့ သံလွင်မြစ်တစ်ဖက်ကမ်းရှိ BGF ဗိုလ်မောင်ငြိမ်းတို့အဖွဲ့က မိကရင်ကျေးရွာဘက်ကို ကူးတို့ဖြစ်ကူးလာကာ ကျေးရွာထဲကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်