ရန်ကုန်၊ နိုဝင်ဘာ (၁၉)
အာဏာသိမ်း စစ်ကောင်စီက နိုင်ငံရေး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေးခြင်းဟာ နိုင်ငံတကာအသိုင်း အဝိုင်းရဲ့ ဖိအားပေးမှုနဲ့အတူ လာမယ့်နှစ် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဝေဖန်လိုက်တာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့က ကျရောက်တဲ့ အမျိုးသားအောင်ပွဲနေ့မှာ လူသားချင်းစာနာထောက် ထားမှုကို အလေးထားတဲ့အနေနဲ့ အကျဉ်းထောင်အသီးသီးက ပြစ်ဒဏ်ကျခံနေတဲ့ အကျဉ်းသား စုစု ပေါင်း ၅၇၀၀ ကျော်ကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်တာပါ။
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသူတွေထဲက နိုင်ငံရေးအကျဉ်းသား ၆၁၈ ဦးနဲ့ အကျဉ်းသူ ၉၄ ဦးပါဝင်ပြီး နိုင်ငံတဝန်း နိုင်ငံရေးအကျဉ်သား၊အကျဉ်းသူ စုစုပေါင်း ၇၀၀ ကျော်သာ စစ်ကောင်စီက ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီထဲမှာ နိုင်ငံခြားသားတွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေး မစ္စတာရှောင်တာနယ်၊ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနဲ့ ဂျပန် မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ တိုရူကူဘိုတာတို့ကို နိုင်ငံချင်း သံတမန်ဆက်ဆံရေးကို ရှေးရှုပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကာ ပြည်နှင်ဒဏ်ပေးလိုက်တာပါ။ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်နဲ့ ရှေ့ နေ ဦးကျော်ဟိုး၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးမြအေးတို့ကိုလည်း စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခဲ့ပါတယ်။
စစ်အုပ်စုအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လိုအပ်ရင် ထုတ်သုံးဖို့ ရည်ရွယ်ချက်နဲ့ ဖမ်းဆီးထားတဲ့အတွက် နိုင်ငံတကာဖိအားတွေကြောင့် ပြန်လွှတ်ပေးလိုက်တာလို့ နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောင်ရေးအသင်း (AAPP) တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
“စစ်အုပ်စုက တိုင်းပြည်အပေါ်၊ ဖမ်းဆီးထိန်းသိမ်းတဲ့သူတွေအပေါ် စေတနာရှိလို့ လွှတ်ပေးတာ မဟုတ်ဘူးဗျ။ သူတို့မှာ (စစ်အုပ်စု) နိုင်ငံတကာဖိအားတွေ၊ ပြည်တွင်းဖိအားတွေကို မခံနိုင်တဲ့အခါမှာ စစ်အာဏာရှင်တွေရဲ့ လုပ်နေကျ ထုံးစံအတိုင်း နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာ ဖြစ်တယ်။ နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးတာကလည်း ပြန်ပေးဆွဲထားသလိုမျိုး အသုံးချပြီး ဓားစာခံတွေအဖြစ် ဖမ်းဆီးထားတာ။ နိုင်ငံတကာအတွက် လိုအပ်တဲ့အချိန်မှာ ထုတ်သုံးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နဂိုကတည်းက ဖမ်းဆီးထားတာ ဖြစ်တယ်။သူတို့ရဲ့ (စကစ) စိတ်ဆန္ဒကတော့ လုံးဝ ဒီလူတွေကို လွှတ် ပေးချင်တဲ့ စိတ်ဆန္ဒမရှိဘူးဆိုတာ အထင်အရှားပေါ်လွင်ပြီးသားပဲ”လို့ သူက ပြောပါတယ်။
စစ်ကောင်စီကတော့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ပေးခဲ့သူတွေကို နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ရင် ကျခံဖို့ရှိတဲ့ ပြစ်ဒဏ်ကိုပါ ထပ်မံကျခံရမယ်ဆိုတဲ့ အချက်နဲ့ လွတ်ငြိမ်းခွင့်ပြုလိုက်တာလို့ ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီက အကောင်အထည်မဖော်နိုင်တဲ့အပေါ် နိုင်ငံတကာဖိအားတွေ ပြင်းထန်ချိန်မှာ သဘောထားပျော့ပြောင်းမှုကို ဖန်တီးလိုက်တာလို့ ဆိုပါတယ်။
“နိုင်ငံတကာကနေပြီးတော့ ဖိအားတွေပြင်းနေတဲ့အချိန်မှာ သူ့အနေနဲ့ ဒီလူတွေနဲ့ ပတ်သက်ပြီး လွှတ် ပေးခြင်းအားဖြင့် သူ့အစိုးရဟာ ပျော့ပြောင်းတဲ့ သဘောထားကြီးတဲ့ အစိုးရဖြစ်တယ်ဆိုတဲ့အမြင်ဖြစ်အောင် ဒီလို ဖန်တီးလိုက်တယ်လို့ ထင်ပါတယ်။နောက်တစ်ချက်ကတော့ မကြာခင်မှာ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်ရမယ့် အချိန်ကာလရောက်နေပြီ။အဲဒီအချိန်မှာ နိုင်ငံရေးတင်းမာမှုတွေ တစ်စုံတစ်ရာလျော့ပါးသွားအောင် သူ့အနေနဲ့ နိုင်ငံရေးအကျဉ်းသားတစ်ချို့ကို ပြန်လွှတ်ပေးလိုက်တာလို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်”လို့ သူက ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလကတော့ စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပြုခဲ့ပေမယ့် တစ်ဖက်မှာလည်း နိုင်ငံတနှံတလျားမှာ အပြစ်မဲ့အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ၊ သာလွန်အင်အားတွေ၊ စစ်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကို လူမဆန်အောင် နေ့စဉ်ရက်ဆက် ပြုကျင့်နေဆဲ ဖြစ်တယ်လို့ မတရားဖမ်းဆီးခံရသူတွေ လွတ်မြောက်လာမှုအပေါ် အခြေပြမိန့်ခွန်းမှာ ဆိုထားပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်အုပ်စုဟာ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ဗျူဟာကို သုံးပြီး သက်ညှာသနားမှု ရှိသလိုလိုနဲ့ ရက်စက်ယုတ်မာမှု စရိုက်အပြည့်ရှိတယ်ဆိုတာ သတိချပ်ကြဖို့ကိုလည်း အလေးအနက် တိုက်တွန်းထားပါတယ်။
တိုင်းရင်းသားအရေး လေ့လာသူ တစ်ဦးကလည်း လာမယ့် ၂၀၂၃ မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲအ တွက် စစ်ကောင်စီက နိုင်ငံရေးအကျိုးအမြတ်ရရှိဖို့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးတာလို့ ပြောပါတယ်။
“သူ့ရဲ့ (စစ်ကောင်စီ) နိုင်ငံရေးကစားကွက်လို့လည်း ပြောလို့ ရတယ်။တကယ်လို့များ သူက ဒီနေ့ ဒီရက်မှာ ရွေးကောက်ပွဲလုပ်မယ်၊ အဲဒီရွေးကောက်ပွဲအပေါ် တူတည်ပြီးတော့ နိုင်ငံရေးအင်အားစုတွေ ဘယ်လိုတုံ့ပြန်ကြမလဲပေါ့။ ဥပမာ သဘောထားပျော့ပြောင်းတဲ့ NLD ပါတီတစ်ချို့က ရွေးကောက်ပွဲကို ထောက်ခံတယ်၊ ဝင်ပြိုင်တယ်။ အဲဒီလိုမျိုး ဖြစ်နိုင်တယ်ဆိုတော့ စစ်ကောင်စီကို နိုင်ငံရေးအံ့တု ဆန့် ကျင်နေတဲ့ အဖွဲ့အစည်းအင်အားစုတွေကြားမှာ အကွဲအပြဲတွေ ဖြစ်လာနိုင်တယ်။ဒါဟာ စစ်ကောင်စီအတွက် နိုင်ငံရေးအကျိုးအမြတ်တစ်ခုလို့ ပြောလို့ ရတယ်”လို့ သူက ပြောပါတယ်။
အမျိုးသားဒီမိုကရစီအဖွဲ့ချုပ်(NLD) ကတော့ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲ ကျင်းပဖို့ ကြံ စည်နေတာဟာ နိုင်ငံရေးအရ တရားဝင်မှုရရှိနိုင်ရေးနဲ့ နိုင်ငံတကာအသိအမှတ်ပြု ထောက်ခံမှု ရရှိနိုင်ရေးအတွက် ကြိုးပမ်းနေတာကြောင့် လက်ခံအသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကလည်း လာမယ့် ၂၀၂၃ ခုနှစ်မှာ တော်လှန်ရေးကို အဆုံးအဖြတ်ပေးမယ့် နှစ်အဖြစ် သတ်မှတ်ထားပြီး စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို မပျက် ပျက်အောင် ချေဖျက်မယ်လို့ ပြောဆိုထားပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ စစ်ရေးပဋိပက္ခပြင်းထန်တဲ့ ဒေသတစ်ချို့မှာ လေကြောင်းပစ်ကူ တိုက်ခိုက်မှုတွေကို ပိုမိုလုပ်ဆောင်လာသလို စစ်ရေးအရ အရေးနိမ့်လာနေတဲ့ ခြေလျင်ကြည်းတပ်ကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ သိသိသာသာ လုပ်ဆောင်လာနေပါတယ်။
သတင်း – သံလွင်တိုင်းမ်