ဒီးမော့ဆို ၊ နိုဝင်ဘာ (၁၉)
နှစ်ဖက် စစ်ရေးတင်းမာနေတဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ကို အာဏာသိမ်း စစ်ကောင်စီက တပ်အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးဖို့ စစ်ကောင်စီ ပြင်ဆင်နေတယ်လို့ ဒီမော့ဆိုပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ ဒီးမော့ဆိုမြို့နယ်ထဲကို စစ်ကြောင်းထိုးဖို့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့မှာ လက်နက်ခဲယမ်းတွေပါဝင်တဲ့ စစ်ကားဆယ်စီးလောက်ဟာ လွိုင်ကော်ကနေ ဒီမော့ဆိုမြို့နယ် ဒေါငံခါးရွာဘက်ကို ထပ်မံဝင်ရောက်လာတာ ဖြစ်ပါတယ်။
တစ်ဖက်မှာတော့ စစ်ကောင်စီတပ်ဟာ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းအပြင် အရှေ့ဘက်ခြမ်းတွေမှာလည်း တပ်အင်အားတွေ ထပ်မံတိုးချဲ့ပြီး စစ်ရေးအတွက် ပိုမို ပြင်ဆင်လာတာ ဖြစ်ပါတယ်။
ဒီးမော့ဆို PDF ပြန်ကြားရေးတာဝန်ခံကတော့ စစ်ကောင်စီဘက်က တပ်အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်လာမယ့် အခြေအနေမှာ ရှိနေတဲ့အတွက် ပြန်လည်ခုခံဖို့ အသင့်ပြင်ထားကြောင်းနဲ့ ပြည်သူတွေအနေနဲ့ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေ လိုက်နာပေးဖို့ တိုက်တွန်းတာပါ။
ဒီးမော့ဆိုမြို့နယ်ဟာ စစ်ရေးအရ ကယားပြည်နယ်တစ်ခုလုံးရဲ့ အချက်အခြာကျတဲ့ နေရာတစ်ခုဖြစ်တဲ့အတွက် လာမယ့်ရွေးကောက်ပွဲ မတိုင်မီ စစ်ကောင်စီက ဘက်ပေါင်းစုံကနေ စစ်ကြောင်းထိုး ပြင်ဆင်လာတာ ဖြစ်ပါတယ်။
ဒီးမော့ဆိုမြို့နယ်ထဲမှာ စစ်တပ် အာဏာသိမ်းပြီးနောက် ကယားပြည်နယ်ထဲက နှစ်ဖက်တိုက်ပွဲတွေကြောင့် လာရောက် တိမ်းရှောင်နေတဲ့ စစ်ရှောင်ပြည်သူ ၁၇၀,၀၀၀ ကျော် လာရောက်နေထိုင်နေတာပါ။
သတင်း – သံလွင်တိုင်းမ်