မော်လမြိုင်၊ နိုဝင်ဘာ (၁၈)

မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီဘက်က ရေသယံဇာတ ထိန်းသိမ်းမှု မရှိတော့တဲ့အတွက် တရားမဝင် ငါးဖမ်းဆီးမှုတွေ ပိုမို မြင့်တက်လာတယ်လို့ သယံဇာတထိန်းသိမ်းနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် ကမ်းနီး၊ကမ်းဝေးတွေမှာ တရားမဝင် သံဇကာပိုက်တွေအပြင် စည်း ကမ်းမဲ့ ငါးဖမ်းဆီးမှုတွေ ပိုမို မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် တရားမဝင် ငါးဖမ်းဆီးမှုတွေကို စစ်ကောင်စီဘက်က ဖမ်းဆီးအရေးယူနိုင်တော့ခြင်း မရှိတော့တဲ့အတွက်ကြောင့် ရေသယံဇာတပြုန်းတီးမှု ပိုမို မြင့်တက်လာခဲ့တာပါ။

တရားမဝင် ငါးဖမ်းဆီးမှုတွေကို အမြန်ဆုံးထိန်းချုပ်နိုင်ခြင်း မရှိရင် မကြာမီကာလအတွင်း ရေသယံ ဇာတပြုန်းတီးမှု ပြဿနာကို အကြီးအကျယ် ရင်ဆိုင်လာရနိုင်တယ်လို့ ရေသယံဇာတထိန်းသိမ်းနေသူ တစ်ဦးက ပြောပါတယ်။

“ရေသယံဇာတ ထိန်းသိမ်းမှုကတော့ ဟိုးအရင်လိုတုန်းက လုပ်သလိုတော့ မလုပ်နိုင်သေးဘူး။ လုံခြုံရေး အခြေအနေကဒီဘက်မှာ သိပ်မကောင်းတော့ဘူး။ နေရာတိုင်းမှာ မကောင်းနိုင်တာ ဆိုတော့ အဲဒီဘက်မှာလဲ မလုပ်နိုင်ပဲနဲ့ တဖြေးဖြေးနဲ့လျော့လာတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တရားမဝင်တဲ့လူတွေက ပင်လယ်ပြင်မှာလဲ တရားမဝင်လှုပ်ရှားလာတယ်။ အကြိုက်တွေ့နေကြတယ်” လို့ ပြောပါတယ်။

NLD အစိုးရလက်ထက်တုန်းက တရားမဝင် သံဇကာပိုက်တွေအပြင် စည်းကမ်းမဲ့ငါးဖမ်းဆီးတွေကို စစ်ဆေးရေးအဖွဲ့တွေ ဖွဲ့ပြီး ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တဲ့အတွက် တရားမဝင် ငါးဖမ်းဆီးမှု လျော့ကျလာခဲ့ပေမယ့် စစ်ကောင်စီလက်ထက်မှာတော့ တရားမဝင် ငါးဖမ်းဆီးမှု ပိုမိုမြင့်တက်နေတာပါ။

တရားမဝင် ငါးဖမ်းဆီးသူတွေကို ငါးလုပ်ငန်းဥပဒေအရ ထောင်ဒဏ် ၃ နှစ်အပြင် ငွေဒဏ်တွေပါ ချမှတ်အရေးယူနိုင်ပေမယ့် စစ်ကောင်စီလက်ထက်မှာတော့ ဖော်ထုတ်နိုင်ခြင်း မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီဌာနဆိုင်ရာတွေနဲ့ တပ်ဖွဲ့ဝင်တွေကလည်း တရားမဝင် ငါးဖမ်းဆီးတာနဲ့ စည်းကမ်းမဲ့ ဖမ်းဆီးမှုတွေကို ငွေကြေးတောင်းယူတာတွေ လုပ်ဆောင်နေတဲ့အတွက် ငါးသယံဇာတ ရှားပါးလာတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ ကမ်းနီးကမ်ဝေး ငါးဖမ်းလှေပေါင်း ၃၀၀၀ ကျော် ရှိနေတာ ဖြစ်ပြီး၊ နှစ်စဉ် ရေလုပ် ငန်းကနေ ငါးတန်ချိန် သိန်းနဲ့ချီ ထွက်နေတာပါ။

ဒါပေမယ့် စစ်တပ် အာဏာသိမ်းပြီးနောက် ရေသယံ ဇာတထိန်းသိမ်းမှု မရှိတာကြောင့် ငါးရရှိမှု သိသိသာသာ ကျဆင်းလာတယ်လို့ ငါးလုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.