ရန်ကုန်၊ နိုဝင်ဘာ(၁၇)
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားနိုင်ငံကို ပြောင်းလဲခန့်အပ်လိုက်ပေမယ့် စစ်အာဏာသိမ်းမှုကြောင့် အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာ့ပြဿာနာဟာ ရေစုန်မျှောနေဦးမယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုလိုက်ပါတယ်။
အရင် အာဆီယံ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံထက် အာဆီယံဥက္ကဋ္ဌသစ် အင်ဒိုနီးရှားနိုင်ငံရဲ့ ဆောင်ရွက်မှုဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပိုမို ရှင်းလင်းပြတ်သားတဲ့ သဘောထားတွေ ဖော်ဆောင်လာနိုင်ပေမယ့် အာဆီယံအဖွဲ့တစ်ခုလုံးအနေနဲ့ လွှမ်းခြုံပြီး ဦးဆောင်မှုပေးနိုင်ဖို့ မလွယ်ဘူးလို့ ဆိုကြပါတယ်။
အာဆီယံပဋိညာဉ်ပါ ပြဋ္ဌာန်းချက်အရ နိုင်ငံတစ်နိုင်ငံရဲ့ပြည်တွင်းရေးကို အခြားတစ်နိုင်ငံက ဝင်ရောက် မစွက်ဖက်ရေးမူနဲ့ အာဆီယံအဖွဲ့ဝင်အားလုံး သဘောထားတစ်ခု ချမှတ်ရင် နိုင်ငံတစ်ခုချင်းစီရဲ့ သဘော တူညီမှုကို ရယူရတဲ့ အနေအထားရှိနေတာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ အာဆီယံဥက္ကဋ္ဌသစ် ပြောင်းပေမယ့် ချဉ်းကပ်နည်းအသစ်တွေ မတွေ့ရှိရတဲ့အတွက် တိုင်းပြည်ပြဿနာဟာ ရေစုန်မျှောနေဦးမယ်လို့ သုံးသပ်ပါတယ်။
“အဲဒါကြောင့်မို့ ပြီးခဲ့တဲ့ အာဆီယံအစည်းအဝေးလည်း လွန်ခဲ့တဲ့ ကမ္ဘောဒီးယားခေါင်းဆောင်တဲ့ ဦး ဆောင်မှုအောက်မှာ ကျင်းပတဲ့ အစည်းအဝေးတွေလိုပဲ သိပ်ပြီးတော့ ထိရောက်နက်ရှိုင်းတဲ့ ဆုံး ဖြတ်ချက်တွေ ချဉ်းကပ်နည်းအသစ်တွေ ကျွန်တော်တို့ မတွေ့ရပါဘူး။ဒါကြောင့်မို့ အချိန်တစ်ချိန်တော့ မြန်မာပြည်ပြဿနာဟာ အရင်အတိုင်းပဲ ရေစုန်မျှောနေဦးမှာပဲလို့ ကျွန်တော်တို့က သုံးသပ်ပါတယ် ခင်ဗျ”လို့ သူက ဆိုတယ်။
အမေရိကန်နိုင်ငံအနေနဲ့ အခုထက်ပိုပြီး ရှင်းလင်းပြတ်သားစွာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အသိအမှတ်ပြုလိုက်မယ်ဆိုရင် အရွေ့တစ်ခု ဖြစ်လာနိုင်တယ်လို့ ဦးသန်းစိုးနိုင်က ထောက်ပြပါတယ်။
ဒါပေမယ့် မြန်မာ့ပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းဖို့ ဒီကနေ့အထိ ကုလသမဂ္ဂက မစွမ်းဆောင် နိုင်သလို အမေရိကန်နိုင်ငံကလည်း မလုပ်ဆောင်တဲ့အတွက် စစ်ရေးပဋိပက္ခတွေ ပိုပြင်းထန်လာစရာရှိတယ်လို့ သူက မှတ်ချက်ပြုတာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်ကနေ ၁၃ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ကျင်းပတဲ့ အကြိမ်(၄၀) မြောက်နဲ့ (၄၁) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာတော့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီက ကတိကဝတ်တွေကို လိုက်နာဖို့လိုကြောင်း အာဆီယံခေါင်းဆောင်တွေက သတိပေးခဲ့ပါသေးတယ်။
ဒါ့အပြင် အာဆီယံထိပ်သီးအစည်းအဝေးကနေ အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို ပြန်လည်သုံးသပ်ပြီး အချက် ၁၀ ချက်ကို ထပ်မံဖြည့်သွင်းကာ အချက် (၁၅) ချက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
အဲဒီထဲက ဘုံသဘောတူညီချက် (၅) ရပ်ကို ပံ့ပိုးဖို့ တိကျတဲ့ အချိန်ဇယားနဲ့ လက်တွေ့ကျကျ တိုင်းတာနိုင်တဲ့ ညွှန်းကိန်းတွေကို ဖော်ပြထားမယ့် အကောင်အထည်ဖော်မှုအစီအစဉ်တစ်ခုကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ရေးဆွဲရမယ်လို့ ဆုံးဖြတ်ထားတာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးကလည်း ဘုံသဘောတူညီချက် (၅) ရပ်အပေါ် အာဆီယံရဲ့ လုပ်ဆောင်ချက်နဲ့ စစ်ကောင်စီရဲ့ လိုက်လျောနိုင်မှုအပေါ် ကြည့်ပြီး မြန်မာ့အခြေအနေ ပြောင်းလဲမှုကို သိသာနိုင်မယ်လို့ သုံးသပ်တာပါ။
“အဲဒီဆုံးဖြတ်ချက်ကို သူတို့ (အာဆီယံ နိုင်ငံခြားရေးဝန်ကြီး) ဘယ်လောက်အထိ အကောင်အထည် ဖော်ဖို့ ပြင်ဆင်နိုင်မလဲ။ အဲဒီဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ အစုအဖွဲ့တွေ အားလုံးနဲ့ တွေ့ဆုံဖို့ဆိုတဲ့အပေါ် ဘယ်လောက်ထိ ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်မယ်ဆိုတဲ့ဟာ ကျွန်တော်တို့ ကြည့်ဖို့လိုတယ်။ နောက်တစ်ခုက အာဏာလက်ကိုင်ထားတဲ့ စကစအနေနဲ့ အာဆီယံနဲ့ ထိတွေ့ဆက်ဆံမှုမှာ ဘယ်လောက်ထိ လိုက်လိုက်လျောလျောရှိသလဲ။ ပြီးတော့ ဘယ်လောက်ထိ သဘောတူညီနိုင်မလဲဆိုတဲ့ဟာ ကြည့်ဖို့လိုတယ်။ အဲဒီအပေါ် မူတည်ပြီး မြန်မာ့အခြေအနေ ဘယ် လောက်ထိ ပြောင်းမယ်၊မပြောင်းဘူးဆိုတာ သိသာနိုင်မှာပေါ့”လို့ သူက ထောက်ပြပါတယ်။
ပြီးခဲ့တဲ့နှစ် ဧပြီလအတွင်း ကျင်းပခဲ့တဲ့ အာဆီယံထိပ်ပိုင်းခေါင်းဆောင် အစည်းအဝေးမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဘုံသဘောတူညီချက် ၅ ရပ်ကို ချမှတ်ခဲ့ပေမယ့် ဒီကနေ့အထိ စစ်ကောင်စီဘက်က အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။
အာဆီယံဘုံသဘောတူညီချက် (၅) ရပ်မှာ ဖမ်းဆီးထားတဲ့ နိုင်ငံခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်း သားတွေကို ပြန်လွှတ်ပေးဖို့၊ အကြမ်းဖက်ဖြေရှင်းမှုတွေ ချက်ချင်းရပ်တန့်ဖို့၊ သက်ဆိုင်ရာအစုအဖွဲ့အားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့၊ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ အဲဒီ ဘုံသဘောတူညီချက်တွေဟာ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဖို့ လုံလောက်မှု မရှိတဲ့အတွက် အကောင်အထည်ဖော်ရေးနဲ့ ထိရောက်တဲ့ အကူအညီပေးနိုင်ဖို့ NUG ကို ထည့်သွင်းပြီး ပြန်လည်သုံးသပ် ဖွဲ့စည်းဖို့ လိုအပ်တယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့မှာ သဘောထားထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်