ရေဖြူ၊ နိုဝင်ဘာ (၁၇)
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကလုံထာကျေးရွာဘက်ကို နိုဝင်ဘာ ၁၆ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က တပ်အင်အား အလုံးအရင်းနဲ့ စစ်ကြောင်း ထပ်ထိုးလာတယ်လို့ ဒေသပြည်သူ့ကာ ကွယ်ရေးတပ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
ရေဖြူဘက်က ဆင်းလာတဲ့ တပ်အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကောင်စီတပ်ဟာ စစ်ကြောင်း ၂ ကြောင်းခွဲပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိနိုင်မယ်ထင်တဲ့ နေရာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် နှစ်ဖက် စစ်ရေးတင်းမာနေပြီး ထိတွေ့တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်လာတဲ့အတွက် ကလုံထာ၊ ခေါင်တိုင်ပြင်နဲ့ အနီးအနားကျေးရွာတွေက ဒေသခံတွေဟာ အခြေနေကို ကြည့်နေပြီး တိုက်ပွဲဖြစ်လာပါက ထွက်ပြေးတိမ်းရှောင်ဖို့ စီစဉ်ကြသလို တချို့ဒေသခံတွေက ကြိုတင်ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွေကို ဝင်ရောက်လာချိန်မှာ ဒေသခံတွေကို ဖမ်းဆီးတာ၊ အကြောင်း မဲ့ ပစ်ခတ်တာ၊ နေအိမ်တွေကို ဝင်ရောက်မွှေနှောက်တာနဲ့ မီးရှို့ဖျက်ဆီးမှာကို ဒေသခံတွေ စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
ရေဖြူမြို့နယ်ထဲမှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို လက်ရှိမှာတော့ နှစ်ဖက်စစ်ရေး တင်းမာနေတာပါ။
သတင်း – သံလွင်တိုင်းမ်