တောင်တွင်းကြီး – နိုဝင်ဘာ(၁၇)

မကွေးတိုင်းအခြေစိုက် ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းနဲ့ ပြန်ကြား ရေးတာဝန်ခံကို စစ်ကောင်စီလက်အောက်ခံမကွေးခရိုင်တရားရုံးက ထောင်ဒဏ်နှစ် (၂၀၃) နှစ်ချမှတ်ခဲ့တယ်လို့ မကွေးခရိုင်တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုအောင်ခန့်(ခ) ပါလေးကို တောင်တွင်းကြီးမြို့နယ်တရားရုံးနဲ့ မကွေးခရိုင်တရားရုံးက အခုလို နှစ်ရှည်ထောင် ဒဏ်တွေချမှတ်ခဲ့တာပါ။

“မကွေးခရိုင်တရားရုံးက တစ်ရာကိုးဆယ်သုံးနှစ်နဲ့ တောင်တွင်းကြီးမြို့နယ်တရားရုံးက ဆယ်နှစ်ချလိုက်တာပါ။ လောလောဆယ် ဒေါင်းနေထောင် ကြိုးတိုက်မှာထားတယ်။ ကြိုးတိုက်ဆိုတာကမကွေးထောင်ဖွဲ့စည်းပုံအရ အရင်အစိုးရအဖွဲ့ဝင်ဟောင်းတွေကိုထား တာများတယ်။” လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ကိုအောင်ခန့်(ခ)ပါလေး ကို မကွေးခရိုင်တရားရုံးက ပုဒ်မ ၅၁(ဂ)၊ပုဒ်မ(၅၄)၊ပုဒ်မ၅၀(က)၊ ပုဒ်မ၅၂(က)၊ပုဒ်မ၅၀(ဈ)တို့နဲ့ ထောင်ဒဏ်(၁၉၃) နှစ်ချမှတ်ခဲ့တာဖြစ်ပြီး တောင်တွင်း ကြီးမြို့နယ်တရားရုံးကတော့ ပေါက်ကွဲစေတက်တဲ့ ဝတ္ထုပစ္စည်းများဥပဒေပုဒ်မ(၃) အရ ထောင်ဒဏ်(၇) နှစ်၊ ၅၀၅(က) အတွက်ထောင်ဒဏ်(၃) နှစ် စုစုပေါင်းထောင်ဒဏ် (၂၀၃) နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

“ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး နှစ်ခုပဲ ပြောချင်တယ်။ စစ်အုပ်စုရဲ့ အညှိုးနဲ့ အကြောက်တရားပေါ့ ဗျာ။ သူတို့ကို အတိုင်းအတာတစ်ခုထိ ချိနဲ့အောင် လုပ်နိုင်တဲ့ ဘယ်သူ့ကိုမဆို အတိုင်းအဆမရှိ အညှိုးနဲ့ လက်တုံ့ပြန်တတ်တာ အားလုံးအသိပါပဲ။ အခုလည်း ကြည့်ဗျာ။ ထောင်ဒဏ် (၂၀၃) နှစ်တဲ့ ။ လူ့သက်တမ်း ၂ ဆ ကျော်ဗျာ။ ဒါက ပြည်သူကို ဆ(ဇ)နဲ့ လက်တုံ့ပြန်တတ်တဲ့ စစ်အုပ် စုရဲ့ အညှိုးနဲ့ ပြည်သူကို ချိုးထားမှ ရမယ်လို့ ယုံကြည်နေတဲ့ သူတို့ရဲ့ စိတ်မလုံခြုံမှု အကြောက် တရားပေါ့ဗျာ” လို့ မကွေးလူထုတိုက်ပွဲကော်မတီက ကိုချစ်ဝင်းမောင်က ပြောပါတယ်။

ဒါ့အပြင် အညှိုးကြီးပြီး အကြောက်တရားဖိစီးနေတဲ့ စစ်ကောင်စီနဲ့ ထိပ်တိုက်တွေ့ပြီး တော်လှန် နေရချိန်မှာ ပိုမိုကောင်းမွန်တဲ့ စုဖွဲ့မှုတွေနဲ့ တော်လှန်ရမှာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ လက်ရှိစုဖွဲ့ထားတဲ့ အင်အားနဲ့ တော်လှန် ရေးကိုဆက်လက်လုပ်ဆောင်နေပြီး ရှေ့မှာကြုံခဲ့တဲ့အမှားတွေကို ပြင်ဆင်ကာ စစ်အာဏာရှင်ကို ရတဲ့နေရာတိုင်းမှာ တော်လှန်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့အဖွဲ့ထဲမှာ အများဆုံးချမှတ်ခံလိုက်ရတဲ့သူဖြစ်တာပေါ့နော် ဗိဿနိုးတာဝန်ခံတစ်ယောက်ဖြစ်တဲ့ ဦးဝင်းမြင့်လှိုင်ဆိုလည်း(၁၇၃) နှစ်ချခံလိုက်ရတယ်။ သူတို့ကို ဖမ်းမိသွားပြီး နောက်ဗိဿနိုးအနေနဲ့ ဆက်လုပ်ဆောင်တဲ့အရာတွေကိုပါ အမှုတွဲထဲထပ်ထည့်ကြတယ်။ မတရားဘူးဆိုတာ လူတိုင်းသိနေကြတာပါပဲ” လို့ ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းပြန်ကြားရေးတာဝန်ခံ ကိုအောင်ခန့်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဇန်နဝါရီလ(၃၁) ရက်နေ့မှာ ဖမ်းဆီးသွားတာဖြစ်ပြီး အပြီးသတ် အမိန့်ကိုတော့ နိုဝင်ဘာလ(၁၅) ရက်နေ့က ချမှတ်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံထားရသူ(၁၆၂၃၂) ဦးကိုဖမ်းဆီးထားပြီးအကြမ်းဖက်သတ်ဖြတ်ခံရသူ (၂၄၆၅)ဦးရှိနေပြီဖြစ်တယ်လို့နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှာဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.