မော်လမြိုင်၊ နိုဝင်ဘာ၊ (၁၆)ရက်
ပြင်သစ်လက်ရွေးစင်အသင်းရဲ့ တိုက်စစ်ကစားသမား အန်ကွန်ကူဟာ လေ့ကျင့်ရေးကွင်းမှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်တော့မယ်လို့ ပြင်သစ်အသင်းက အတည်ပြုထုတ်ပြန်လိုက်ပါတယ်။
အသက် ၂၅ နှစ်အရွယ် အန်ကွန်ကူဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြုလုပ်တဲ့ ပြင်သစ်အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ ကွင်းလယ်လူ ကာမာဗင်ဂါနဲ့ ထိခိုက်မိပြီးနောက် ဘယ်ဘက်ဒူးဒဏ်ရာရရှိခဲ့တာပါ။
အန်ကွန်ကူရဲ့ ဘယ်ဘက်ဒူးဒဏ်ရာကို စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာတော့ လာမယ့် ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်တော့မယ်လို့ ပြင်သစ်အသင်းက တရားဝင်ထုတ်ပြန်လိုက်တာပါ။
၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းဟာ လက်ရှိမှာ ကွင်းလယ်လူ ပေါ့ဘာ၊ ကန်တေအပြင် တိုက်စစ်ကစားသမား အန်ကွန်ကူကိုပါ ဒဏ်ရာပြဿနာတွေကြောင့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ ခေါ်ယူခွင့် လက်လွှတ်ထားတာ ဖြစ်ပါတယ်။
ပြင်သစ်အသင်းဟာ လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သြစတြေးလျ၊ ဒိန်းမတ်နဲ့တူနီးရှားအသင်းတို့နဲ့အတူ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပြီး အုပ်စုကျော်ဖြတ်နိုင်ဖို့ အလာအလားတွေ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် ပြင်သစ်နည်းပြ ဒက်စ်ချမ့်အတွက်ကတော့ အဓိက ကစားသမားတွေကို ဒဏ်ရာပြဿနာကြောင့် လက်လွှတ်ထားရတဲ့အတွက် ထိုးနှက်ချက် တစ်ခု ဖြစ်လာခဲ့တာပါ။
သတင်း – သံလွင်တိုင်းမ်