ရေး၊ နိုဝင်ဘာ (၁၆)

မွန်ပြည်နယ်၊ ရေးမြို့နယ်နဲ့ကျိုက်ထိုမြို့နယ်မှာ နိုဝင်ဘာ ၁၅ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ဂိတ်စခန်း ၂ ခု တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နိုဝင်ဘာ ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်လောက်မှာ ရေးမြို့နယ် အခြေစိုက် စစ်ကောင်စီ ခမရ (၅၈၆) တပ်ရင်းကို ရေးဘီးလူးအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက် ပစ်ခတ်တိုက် ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး ထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးဘီးလူးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၂ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်မှာလည်း ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာ စစ်တောင်းလမ်းဆုံရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်က လက်နက်ကြီး ၄၀ မမတွေနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ လက်နက်ကြီး ၄၀ မမ ကျည် ၃ လုံးဟာ စစ်ကောင်စီစစ်ဆေးရေးဂိတ်အနီး ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ်ကို ဆက်လက် စုံစမ်းနေတယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။

စစ်တောင်းလမ်းဆုံရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ၄ ကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အထိနာနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.