မော်လမြိုင်၊ နိုဝင်ဘာ (၁၆)
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ဇေယျာသီရိရပ်ကွက်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ရဲဘော်တွေ ဖမ်းဆီးခံရတာဟာ ဒလန်သတင်းပေးမှုကြောင့်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်လောက်က ဇေယျာသီရိ (၃)လမ်းထိပ်ရှိ တန်းလျားတစ်ခုမှာ PDF ရဲဘော်တွေ ရောက်ရှိနေကြောင်း ဒလန်သတင်းပေးမှုကြောင့် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ လာရောက် စီးနင်းတိုက်ခိုက်ခဲ့ရာကနေ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။
အဲဒီနှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ရဲဘော် အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦးကို လက်နက်ငယ် ၃ လက်နဲ့အတူ ဖမ်းဆီးခံလိုက်ရတယ်လို့ မော်လမြိုင်မြို့ အခြေစိုက် အထူးမြေအောက်လှုပ်ရှားမှု အင်အားစုက ထုတ်ပြန်ထားပါတယ်။
နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ဇေယျာသီရိရပ်ကွက်အုပ်ချုပ်ရေးမှူး သားဖြစ်သူမှာ ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံထားရတဲ့ PDF ရဲဘော်တွေကို စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက ရိုက်နက်နှိပ်စက်မှုတွေ ရှိနေတာကြောင့် သူတို့အတွက် အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ တန်းလျားကို ဝင်ထွက်သွားခွင့် ပိတ်ပင်ထားသလို တန်းလျား ပိုင်ရှင်ကိုလည်း စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေ ပြောဆိုပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြား အတည်မပြုနိုင်ခြင်း မရှိသေးပါဘူး။
လက်ရှိမှာ စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက မော်လမြိုင်မြို့ အတွင်း လုံခြုံရေး တင်းကျပ်ထားပြီး တပ်အင်အား အများအပြားနဲ့ လှည့်လည်တာတွေ ရှိသလို မြို့ဝင် မြို့ထွက်နေရာတွေမှာလည်း စစ်ဆေးမှုတွေ တင်းကျပ်ထားတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်