သထုံ၊ နိုဝင်ဘာ (၁၅)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ သထုံမြို့နယ်၊ ထုံးဘိုလေးကျေးရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်တာကြောင့် ဒေသခံ နေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU သထုံခရိုင်က နိုဝင်ဘာ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ ည ၈ နာရီခွဲအချိန်လောက်မှာ အာဏာသိမ်း စစ်ကောင်စီ အမှတ်(၉) ခမရ (ဝီယော်)စခန်းနဲ့ အမှတ်(၉) လေ့ကျင့်ရေး (အလံတစ်ရာ) စခန်းတို့ကနေ ထုံးဘိုလေးရွာထဲသို့ လက်နက်ကြီး (၈) လုံးပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ၈ လုံးဟာ ထုံးဘိုလေးကျေးရွာက ဒေါ်ဖောစေး၊ ဦးပန်းစိန်၊ ဦးဖားဘဲ၊ နောဒို့၊ ဦးကျော်ဇော၊ စောထေ့ဖိုးတို့ရဲ့ နေအိမ်တွေအပြင် ရော်ဘာပင်တွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

ထုံးဘိုလေးကျေးရွာကို ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့တုန်းကလည်း စစ်ကောင်စီတပ်က မီးရှို့ခဲ့တဲ့အတွက် ဘုန်းတော်ကြီးကျောင်းနဲ့ ကျေးရွာစာသင်ကျောင်းတွေ အပါအဝင် လူနေအိမ် ၆၁ လုံးမီးလောင်ပျက်စီးခဲ့သလို ရွာသား ၃ ဦးလည်း သတ်ဖြတ်ခံထားရပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် မီးလောင်ပျက်စီးသွားတဲ့ နေအိမ်တွေက ဒေသခံ ရွာသူ၊ရွာသားတွေဟာ ယာယီတဲတွေနဲ့ နေထိုင်နေရတာ ဖြစ်ပါတယ်။

KNU သထုံခရိုင်ထဲမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံ သောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.