လောင်းလုံး၊ နိုဝင်ဘာ (၁၅)
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ဂေါ့အင်းကျေးရွာနဲ့ ညှင်မော်ကျေးရွာကြားရှိ ကြယ်တောင် ဘုန်းတော်ကြီးကျောင်းက ကျောင်းထိုင် ဆရာတော် အပါအဝင် ၆ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
နိုဝင်ဘာ ၁၄ ရက်နေ့ မနက် ၃ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျောင်းထိုင်ဆရာတော် ဦးပညောဘာသ၊ လက်ထောက်ကျောင်းထိုင်ဆရာတော်၊ ကိုရင်တစ်ပါး၊ ယာဉ်မောင်းအပါအဝင် ကျောင်းသား ၃ ဦး ၊ စုစုပေါင်း ၆ ဦးကို ဖမ်းဆီးသွားတာပါ။
ကြယ်တောင်ကျောင်းထိုင်ဆရာတော်ကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးစဉ် စစ်ကား ၅ စီးနဲ့တပ်အင်အား ၁၀၀ ကျော်ပါပြီး ဂေါ့အင်းနဲ့ညှင်မော်ရွာလမ်းတစ်လျှောက် လမ်းကင်း ၇၀ နီးပါးလောက်ထားပြီးနောက် ဘုန်းကြီးကျောင်းထဲကို တပ်အင်အား ၃၀ နီးပါးက ဝင်ရောက်ပြီး ဖမ်းသွားခဲ့တာ ဖြစ်ပါတယ်။
တပ်အင်အား ၁၀၀ လောက်နဲ့ပါတဲ့ စစ်ကောင်စီတပ်ဟာ ကြယ်တောင်ကျောင်းထိုင်ဆရာတော် အပါအဝင် ၆ ဦးကို ဖမ်းဆီးပြီးနောက် တပ်ပြန်ဆုတ်သွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီထောက်ခံသူ တယ်လီဂရမ်အကောင့်တွေမှာတော့ လောင်းလုံး PDF စခန်းတွေကို အတိအကျ သိလိုရင် ဆီအုန်းခြံလမ်း၊ ကြယ်တောင်စေတီပေါ်ရှိ ဘုန်းကြီးနဲ့ကပ္ပိယတွေကို ဖမ်းဆီးစစ်ဆေးဖို့ တွန်းအားပေးပြီးနောက် စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ကြယ်တောင်ဘုန်းကြီးဟာ PDF တပ်ဖွဲ့တွေကို လက်ဖွဲ့အင်းအိုင်တွေ လုပ်ပေးပြီး ကြယ်တောင်စေတီမှာ အလှူ ပွဲရှိတိုင်း PDF ရဲဘော်တွေကို ထမင်းခေါ်ကျွေးသလို စစ်ကောင်စီတပ် သတင်းတွေကိုလည်း PDF တွေထံ ပေးပို့နေတယ်လို့ စစ်ကောင်စီထောက်ခံသူ တယ်လီဂရမ်အကောင့်တွေမှာ ရေးသားထားပါတယ်။
သတင်း -သံလွင်တိုင်းမ်