ရန်ကုန်၊ နိုဝင်ဘာ (၁၅)
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လာမယ့် ဒီဇင်ဘာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ သဘောတူညီချက်တစ်ခု ရရှိနိုင်မယ်လို့ ပြောဆိုလာတာ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆက်လက်ဆွေးနွေးနေပြီး လာရောက်ဆွေးနွေးတဲ့ အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ် လျှောက်လှမ်းလိုတဲ့ သဘောထားတွေ တွေ့ရှိရတယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။
ဒါပေမယ့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့တို့ကို တတိယအကြိမ် ထပ်မံဆွေးနွေးဖို့ ဖိတ်ခေါ်ထားတာ မရှိသေးသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကတော့ သဘောတူညီချက်တစ်ခုအပေါ် သီးခြားလက်မှတ်ရေးထိုးမယ့် အခင်းအကျင်းမျိုး မရှိသေးဘူးလို့ ဆိုကြပါတယ်။
ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ပြောခွင့်ရ ဗိုလ်မှူးကြီး စိန်ဝင်းကတော့ စစ်ကောင်စီဘက်က သီးခြားသဘောတူညီချက် ချုပ်ဆိုနိုင်တဲ့ အခင်းအကျင်းမျိုး မတွေ့ရသေးသလို အားလုံးပါဝင်တဲ့ အခင်းအကျင်းဖြစ်မှ သဘောတူချက်အပေါ် ဆက်လက် လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ က ပြီးခဲ့တဲ့ အခင်းအကျင်းသွားတုန်းက ကျွန်တော်တို့ မြင်တဲ့ အနာဂတ်နိုင်ငံရေးအခင်းအ ကျင်းကို ဘယ်လိုမြင်လဲဆိုတာ အမြင်သဘောထားကိုပဲ အဆိုပြုတာပေါ့။ဒါပေမယ့် ကျွန်တော်တို့ အမြင်သဘောထားဆိုပေမယ့် ကရင်ပြည်နယ်မှာ DKBA နယ်မြေတို့ PC နယ်မြေတို့ KNU နယ်မြေတို့က သီးခြားစီ ရှိနေကြတာ မဟုတ်ဘူး။တစ်ထပ်တည်းပဲ ရောနှောသွားလာနေတဲ့အခါကျတော့ ဆွဲထုတ်ပြီး သီးခြားလုပ်လို့ အဆင်မပြေဘူး။အဓိက KNU ကျန်တဲ့ ကရင်ပြည်နယ်မှာရှိတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေ စုံစုံညီညီရှိမှပဲ ဒီသဘောထားခရီးကို သွားလို့ရမယ်ဆိုတဲ့ အဆိုပြုချက်တော့ ပြောခဲ့တယ်။ဒါပေမယ့် သီးခြားသဘောတူညီချက် ချုပ်ဆိုနိုင်တဲ့အခင်းအကျင်းမျိုး မတွေ့သေးဘူး” လို့ သူက ပြောပါတယ်။
စစ်ခေါင်းဆောင်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးရာမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) ပေါ်မှာ အခြေခံပြီး ဆွေးနွေးနေတာလို့ ဆိုပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်ကတော့ သက် ဆိုင်တဲ့ အင်အားစုတွေ အားလုံးပါဝင်တဲ့ ညှိနှိုင်းဆွေးနွေးမှု ရလဒ်ကသာ ပြည်ထောင်စုငြိမ်းချမ်းရေးကို အပြည့်အဝ ဖော်ဆောင်နိုင်မယ်လို့ ပြောပါတယ်။
“လူတစ်ဦးတစ်ယောက်က ပေးပြီးတော့ တစ်ဦးတစ်ယောက်က ရယူတဲ့ တည်ဆောက်မှုမျိုး မဟုတ်ဘဲနဲ့ လက်ရှိ ဒီမိုကရေစီအင်အားစုတွေ အားလုံး၊ဖက်ဒရယ်နဲ့ သက်ဆိုင်တဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီလည်း ပါမယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းလည်း ပါရမယ်ဆိုတဲ့ နိုင်ငံရေးတွေ့ဆုံမှု အခင်းအကျင်းကနေပြီးတော့ပဲ ညှိနှိုင်းဆွေးနွေး သဘောတူညီချက်ရလဒ်နဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုကို တည် ဆောက်နိုင်မှသာလျှင် ပြည်ထောင်စုငြိမ်းချမ်းရေးကို အပြည့်အဝဖော်ဆောင်နိုင်မယ်လို့ ကျွန်တော်တို့ နားလည်မှု ရှိပါတယ်” လို့ သူက ပြောပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံရဲ့ အခက်အခဲအကျပ်အတည်းကို ကျော်လွှားနိုင်မယ့် ဒီမိုကရေနဲ့ ဖက်ဒရယ်စနစ်ကို တည်ဆောက်ဖို့ လိုအပ်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး၊ သက်ဆိုင်သူ အားလုံးပါဝင်တဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေးအခင်းအကျင်းကိုတော့ တက်လှမ်းနိုင်ခြင်း မရှိသေးဘူးလို့ သူက ဝန်ခံပါတယ်။
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ပြောခွင့်ရ ဗိုလ်မှူးခွန်မင်းသိမ်းကလည်း စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ မဖိတ်ခေါ်ရသေးသလို သွားရောက်ဆွေးနွေးဖို့ကိုလည်း အဖွဲ့အစည်းအတွင်း ဆွေးနွေးထားတာ မရှိသေးဘူးလို့ ဆိုပါတယ်။
“ဆွေးနွေးဖို့လာမယ့် ဒီဇင်ဘာလ၊ အခုပဲ နိုဝင်ဘာလဖြစ်နေပြီဆိုတော့ အခုချိန်ထိ ကျွန်တော်တို့ကို ဖိတ်ခေါ်မှုတွေ ဘာမှမကြားရတာမျိုးအပေါ်မှာ ဖိတ်ခေါ်မယ့်အပေါ် သွားရေး၊မသွားရေးဆိုတာလည်းပဲ အခုချိန်ထိတော့ မဆွေးနွေးရသေးဘူး။အဲဒီလို ပုံစံမျိုးဖြစ်နေတယ်။အဲဒါကြောင့် အဲဒီဖြစ်ရပ်အပေါ်မှာ ကျွန်တော်တို့က သိပ်ပြီးတော့ အခုချိန်ထိ အတွင်းမှာဆွေးနွေးထားတာ ဘာမှမရှိသေးဘူး” လို့ သူက ပြောပါတယ်။
ဒ့ါအပြင် စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ ဒေသတွင်းအခြေပြုတဲ့ ဒေသဖွံ့ဖြိုးရေး၊ငြိမ်းချမ်းရေးအပါအဝင် ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး၊ ပါတီစုံဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ရွေးကောက်ပွဲကျင်းပရေး စတဲ့ အချက်တွေအပေါ် အခြေခံပြီး ယေဘုယျဆွေးနွေးခဲ့ကြတာလို့ ဗိုလ်မှူးခွန်မင်းသိမ်းက ဆိုပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီနဲ့ အပစ်ရပ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့ အပစ်ရပ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့တို့ ပထမအကြိမ်နဲ့ ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးထားပြီး ဖြစ်ပါတယ်။
အဲဒီထဲမှာ မွန်ပြည်သစ်ပါတီ(NMSP) ကတော့ ဒုတိယအကြိမ်ဆွေးနွေးခဲ့စဉ်က မပြီးပြတ်သေးတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဇယား ၁၊ဇယား ၂ နဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁)၊(၂) နဲ့ (၃)တို့ပါ သဘောတူညီချက်တွေကို နိုဝင်ဘာ ၉ ရက်နဲ့ ၁၀ ရက်နေ့တို့မှာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ ဆွေးနွေးခဲ့ကြတာပါ။
စစ်ကောင်စီအနေနဲ့ လာမယ့် ဒီဇင်ဘာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုရဖို့ မျှော်လင့်နေပေမယ့် နိုင်ငံအနှံ့နီးပါး စစ်ရေးပဋိပက္ခတွေ ပြင်းထန်လာနေပါတယ်။
နိုင်ငံရေးလေ့လာသူတွေကတော့ လက်ရှိမှာ ဒီမိုကရေစီစနစ်မဟုတ်တဲ့အတွက် စစ်ကောင်စီနဲ့ EAOs (၁၀) ဖွဲ့တို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကနေ ထွက်လာတဲ့ရလဒ်ဟာ ဒီမိုကရေစီနည်းကျ ရလာမယ့် သဘောတူညီမှု မဟုတ်သလို နိုင်ငံရေး ပြဿနာကို မဖြေရှင်းနိုင်ဘူးလို့ ထောက်ပြကြပါတယ်။
သတင်း – သံလွင်တိုင်းမ်