ကျိုက်မရော၊ နိုဝင်ဘာ (၁၅)
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရဲစခန်း တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မှာ အသုံးပြုခဲ့တဲ့ စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီးဟာ စက်ချို့ယွင်းသွားတဲ့အတွက် အရေးပေါ် ဆင်းသက်ခဲ့ရပြီး ပြုပြင်နေရတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ Mi 35 စစ်ရဟတ်ယာဉ်တစ်စီးဟာ ချောင်းနှစ်ခွရဲစခန်းပစ်ခတ်မှုမှာ စက်ချို့ယွင်းသွားတဲ့အတွက် မုဒုမြို့ရှိ ဂေါက်ကွင်းထဲကို အရေးပေါ် ဆင်းသက်ခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီဟာ မုဒုံမြို့ ဂေါက်ကွင်းထဲမှာ တင့်ကားတွေအပြင် တပ်ဖွဲ့ဝင် အင်အား ၅၀ လောက်နဲ့ လုံခြုံရေးအပြည့်ချပြီး စစ်ရဟတ်ယာဉ်ကို တာလပတ်အုပ်ပြီး ပြုပြင်နေသလို ပြည်သူတွေကိုလည်း ဖြတ်သန်းသွားခွင့် ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ချောင်းနှစ်ခွရဲစခန်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့တုန်းက ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီးနောက် ရဲစခန်းကို မီးရှို့ဖျက်ဆီးသွားတာ ဖြစ်ပါတယ်။
အဲဒီရဲစခန်းတိုက်ခိုက်မှုမှာ စစ်ကောင်စီရဲတပ်ဖွဲ့ ၃ ဦး သေဆုံးပြီး ၄ ဦးကို အရှင်ဖမ်းမိခဲ့သလို လက်နက်ခဲယမ်းတွေကိုလည်း KNLA ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့တာပါ။
ချောင်းနှစ်ခွရဲစခန်း တိုက်ခိုက်မှုဖြစ်စဉ်အတွက် စစ်ကောင်စီ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ကိုယ်တိုင် ကြီးကြပ်ကွပ်ကဲနေပြီး လက်တုံပြန်ဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီထောက်ခံ တယ်လီဂရမ်အကောင့်တွေမှာ ရေးသားနေကြပါတယ်။
သတင်း – သံလွင်တိုင်းမ်