ရမြဝတီ – နိုဝင်ဘာ(၁၁)

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ လူသိများတဲ့ ကိုစိုးဝင်းနိုင်(ခ)ခေါခေါ အပါအဝင် လူငယ်(၄) ဦးကို စစ်ကောင်စီက ထောင်ဒဏ် (၁၀) နှစ်ကနေ အနှစ်(၂၀) ထိချမှတ် လိုက်တယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဲဒီယာတွေမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက ကိုခေါခေါ အပါအဝင်လူငယ်(၉) ဦးကို မြဝတီမြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခံခဲ့ရပြီးနောက် (၇) လအကြာမှာ ထောင်ဒဏ်ချမှတ်ခံခဲ့ရတာပါ။

သူတို့တွေကို နိုဝင်ဘာလ(၄) ရက်နေ့က အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး ကိုစိုးဝင်းနိုင်(ခ) ခေါခေါ နဲ့ အတူ မြဝတီမြို့မှာ ဖမ်းဆီးခံခဲ့ရတဲ့ နော်ဖူးပွင့်ဖြူနဲ့ သူသူအေး(ခ) မီးမီးတို့ကို အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွဲချက်နဲ့ ထောင်ဒဏ်(၁၀) နှစ် နဲ့ ကိုနောင်နောင်ဆိုသူကို ထောင်ဒဏ် အနှစ် (၂၀) ချမှတ်ခဲ့တာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကြောင့် ကိုခေါခေါကို လိုက်လံဖမ်းဆီးခဲ့တဲ့ အတွက် ကရင်ပြည်နယ်ကိုထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီးနောက် ဒေသခံတွေရဲ့ ကျန်းမာရေးနဲ့ လူမှုရေးကိစ္စတွေမှာ ပါဝင်ဆောင်ရွက်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.