ရန်ကုန်၊ နိုဝင်ဘာ (၁၀)

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ အချက်အလက်တွေနဲ့မကိုက်ညီတဲ့ ဖုန်းဆင်းမ်ကဒ်တွေကို ပိတ်သိမ်းသွားမယ်လို့ အာဏာသိမ်း စစ်ကောင်စီက နိုဝင်ဘာ ၈ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

ဖုန်းဆင်းမ်ကဒ် အသုံးပြုသူတွေအနေနဲ့ မှတ်ပုံတင်ချိန်က ဖြည့်ထားတဲ့ သုံးစွဲသူနာမည်နဲ့ မှတ်ပုံတင်နံပါတ်တွေကို လဝကရဲ့ အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး လွဲနေတဲ့ နံပါတ်တွေကို ပိတ်သိမ်းသွားမယ်လို့ ဆိုပါတယ်ဒါကြောင့် ဖုန်းဆင်းမ်ကဒ်သုံးစွဲသူတွေအနေနဲ့ လာမယ့် ၂၀၂၃ ဇန်နဝါရီ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး မှတ်ပုံတင်ထားခြင်း ရှိ မရှိ တိုက်ဆိုင်စစ်ဆေး ပြင်ဆင်ကြဖို့နဲ့ ပြင်ဆင်ထားခြင်း မရှိတဲ့ ဖုန်းဆင်းမ်ကဒ်တွေကို အပြီးပိတ်သိမ်းသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဖုန်းဆင်းမ်ကဒ်တွေကို စစ်ကောင်စီက အခုလို တင်းကျပ်တာဟာ တော်လှန်ရေးမှာပါဝင်နေသူတွေရဲ့ အချက်အလက်တွေကို ရယူဖို့ ကြိုးစားတာဖြစ်တယ်လို့ နည်းပညာကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေ အကျပ်အတည်းဖြစ်အောင်အမျိုးမျိုး ဖိနှိပ်တာတွေ လုပ်ဆောင်နေပြီး တိုက်ပွဲပြင်းထန်ဒေသတွေမှာလည်း ဖုန်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်တာတွေ ဆက်တိုက် လုပ်ဆောင်တော ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်း အော်ပရေတာတွေရဲ့ ထုတ်ပြန်ချက်တွေအရ ဆင်းမ်ကဒ် အမျိုးမျိုး သုံးစွဲသူ (၆၃) သန်းကျော်ရှိနေတယ်လို့ သိရပြီး လက်ရှိအချိန်မှာတော့ ပြည်တွင်းက ဖုန်းအော်ပရေတာတွေကို စစ်တပ်က ထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တယ်လီနော် အော်ပရေတာက သူတို့ရဲ့ ရှယ်ယာတွေကို ရောင်းချ ပြီး ထွက်ခွာသွားပြီဖြစ်သလို အော်ရီဒူးအော်ပရေတာကလည်း ရောင်းချထားပြီးဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.