သထုံ၊ နိုဝင်ဘာ (၁၀)

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု၊ ကြာပန်းကျေးရွာ ရွှေသံလွင်တိုးဂိတ်အနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ဟာ နိုဝင်ဘာ ၉ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဌာနဆိုင်ရာ အဖွဲ့စုံရှိတဲ့ စစ်ကောင်စီကြာပန်း စစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ လာရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒရုန်းနဲ့ တိုက်ခိုက်မှုဟာ စစ်ကောင်စီစစ်ဆေးရေးဂိတ်အနီး ကျရောက်ပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ မိနစ် ၂၀ နီးပါးအကြာ ရမ်းသမ်းပစ်ခတ်ခဲ့တာတွေ လုပ်ဆောင်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ရမ်းသမ်းခတ်နေတာကြောင့် ခရီးသွားကား အပါအဝင် ဆိုင်ကယ် ရာနဲ့ချီ တစ်နာရီနီးပါးအကြာ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ပါတယ်။

စစ်ကောင်စီ ကြားပန်စစ်ဆေးရေးဂိတ်ဟာ စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက် ၃ ကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရပြီး အဲဒီတိုက်ခိုက်မှုအတွင်း နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.