ရန်ကုန်၊ နိုဝင်ဘာ (၁၀)

မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့မှာ လျှပ်စစ်မီး ပြတ်တောက်မှု ပိုမိုဆိုးဝါးလာတဲ့အတွက် အသေးစား၊ အလတ်စား SME လုပ်ငန်းအများစု ထပ်မံရပ်နားရမယ့် အခြေအနေနဲ့ ရင်ဆိုင်လာရတယ်လို့ SME လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရန်ကုန်မှာ အခုရက်ပိုင်းတွေအတွင်း လျှပ်စစ်မီးပြတ်တောက်မှုတွေ မကြာခဏ ဖြစ်ပေါ်လာသလို လျှပ်စစ်မီးပြတ် တစ်ခါပြတ်ရင်လည်း အချိန် ၄နာရီကနေ ၅နာရီအထိ အချိန်ကြာမြင့်နေတာကြောင့် အသေးစား၊ အလတ်စား SME လုပ်ငန်းတွေ ဆက်လက် လည်ပတ်ဖို့ အခက်ကြုံနေရပါ။

လက်ရှိမှာ လျှပ်စစ်မီးမမှန်တာ ၊စက်သုံးဆီဈေးနှုန်း ဆက်လက် မြင့်တက်နေတာ၊ အထွေထွေ ကုန်ကျစရိတ် အဆမတန် မြင့်နေတဲ့အတွက် SME လုပ်ငန်းတချို့ စတင် ရပ်နားလာကြတာပါ။

ကျန်ရှိနေသေးတဲ့ လုပ်ငန်းတွေကလည်း မီးစက်နဲ့လည်ပတ်နေပေမယ့် စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုကြောင့် ရေရှည်မှာ ဆက်လက်တောင့်ခံထားနိုင်ဖို့ အခက်အခဲတွေ ကြုံနေရတယ်လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“ ရန်ကုန်မှာ မီးက တစ်နာရီလောက်လာပြီး ၈နာရီလောက် ပြတ်နေတာ။ ကျွန်တော်တို့ဆို ရေခဲမုန့်၊ ရေခဲထုပ် အေးဂျင့်ယူရောင်းတယ်။ အကုန်ပျက်စီးကုန်တယ်။ ဆုံးရှုံးမှုများတယ်။ လွှင့်ပစ်လိုက်ရတယ်။ နောက်တစ်ခုက သံပန်း၊သံတံခါးလုပ်တယ်။ အော်ဒါလက်ခံလိုက်တယ်။မီးပြတ်တယ်။အလုပ်မလုပ် ရဘူး။ မီးစက်မောင်းပြီး လုပ်တော့လည်း ဆီဈေးတက်တော့အဆင်မပြေဘူး။ မီးအချိန်မှန်မလာတော့ အိမ်တွင်း စက်မှု၊ လက်မှုလုပ်ငန်း တွေက နားပါနားထားရတာ။ ကိုယ်တွေအပေါ် မှီခိုစားသောက်နေရတဲ့ အလုပ်သမားတွေကလည်း မီးအချိန် မှန်မလာလို့ အလုပ်လက်မဲ့ ဖြစ်သွားရတယ်”လို့ ရန်ကုန်မြို့ ရွှေပေါက္ကံမြို့နယ်က အသေးစားလုပ်ငန်းရှင် တစ်ဦးက ပြောပြပါတယ်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)ကတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေဆီ ပေးပို့ထားတဲ့ ဇောတိကသဘာဝဓာတ်ငွေ့ပိုက်လိုင်း ဓာတ်ငွေ့ယို စိမ့်မှု ဖြစ်ပေါ်တာ၊ (၁၃၂)ကေဗွီ ဘီလူးချောင်း-တီကျစ် ဓာတ်အားလိုင်းရဲ့ တာဝါတိုင် အမှတ် (၁၁၀)နှင့် (၁၁၁) တို့ ကျိုးပဲ့ပျက်စီးခြင်းတို့ကြောင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားပို့လွှတ်မှု စုစု ပေါင်း (280)MW ခန့် လျော့နည်းသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ဓာတ်အားစနစ်တည်ငြိမ်မှုရှိစေဖို့ အရေးပေါ်ဝန်အား လျှော့ထိန်း ညှိမှုတွေကို အချိန်ပိုင်း ဆောင်ရွက်ဖို့ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တချို့ကို ယာယီ ဓာတ်အား ဖြတ်တောက်မယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ (၅)ရက်နေ့က ကြေညာထားပါတယ်။

စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကတော့ လျှပ်စစ်မီးပြဿနာကို လာမယ့် လပိုင်းတွေမှာ ပိုမို ဆိုးဝါးလာရင် အသေးစားလုပ်ငန်းတွေ လုံးဝရပ်တန့်သွားနိုင်တယ်လို့ သုံးသပ်တာပါ။

“ အသေးစားလုပ်ငန်းတွေ အကုန်လုံးနီးပါးက လျှပ်စစ်မီးကိုအသုံးပြု လည်ပတ်ကြတာပဲ။ လျှပ်စစ်ချို့ယွင်း လာတာနဲ့ပတ်သက်ပြီး ကျွန်တော့်အမြင် သီးသန့်ကိုပြောရရင် အခုတောင် ဒီလောက်ခက်ခဲနေရင် နောက်ထပ် ဧပြီ၊ မေ နွေကာလအထိ သွားဖို့ စဉ်းစားမယ်ဆိုရင် ဒီခုနစ်လတာ ရှစ်လတာ ကာလအတွင်း ဖြတ်သန်းဖို့ အဲဒီ စိန်ခေါ်မှုကကြီးမားလိမ့်မယ်။ စက်သုံးဆီဈေးကမြင့်လာရင်လည်း ကုန်ထုတ် လုပ်မှုစရိတ်မြင့်တက်သွားပြီး ကုန်ဈေးနှုန်းတက်လာလိမ့်မယ်။ အဲဒီရိုက်ခတ်မှုက တစ်လ၊ နှစ်လအ တွင်း သိသာလာမယ်။ ကြိုတင်မပြင်ဆင် ထားနိုင်တဲ့ အသေးစားလုပ်ငန်းတွေ ရပ်တန့်သွားလိမ့်မယ်။ အလယ်အလတ်တွေနဲ့ အကြီးစားတွေကတော့ နည်းစနစ်တစ်ခုရှာပြီး ဆက်လက်ရပ်တည်ဖို့ ကြိုးစားကြလိမ့်မယ်ထင်တယ်”လို့ လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

မြန်မာနိုင်ငံက အသေးစား၊ အလတ်စား(SME)လုပ်ငန်းတွေဟာ ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းမှု ဖြစ်စဉ်တွေကြောင့် တဖြည်းဖြည်းယိုင်နဲ့လာနေရာကနေ စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းတာတွေကြောင့် အခုဆိုရင် လုံးဝပျောက် ကွယ်တော့မယ့်အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။

အသေးစား၊ အလတ်စား SME လုပ်ငန်းတွေ ရပ်နားလာပါက အဲဒီလုပ်ငန်းအပေါ် မှီခိုရပ်တည်နေရတဲ့ အခြေခံ လူတန်း စားတွေရဲ့စားဝတ်နေရး ပိုမိုကျပ်တည်းလာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက ဆိုကြပါတယ်။

ဒါပေမယ့် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ အသေးစား၊ အ လတ်စား SME လုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့အတွက် အပြည့်အဝ ကူညီပေးသွားမယ်လို့ ပြောဆိုထားပေမယ့် လက်တွေ့မှာတော့ လျှပ်စစ်မီး ပုံမှန် ရရှိဖို့အတွက်ပင် ကူညီနိုင်ခြင်း မရှိသေးပါဘူး။

နိုင်ငံတဝန်းမှာတော့ SME လုပ်ငန်းပေါင်း သိန်းနဲ့ချီ ရှိနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် SME လုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းမှုကြောင့် လုပ်ငန်းတွေ ဆက်လက် လည်ပတ်ဖို့ပင် မနည်းရုန်းကန်နေသလို တချို့လုပ်ငန်းတွေက အရှုံးပေါ်တာကြောင့် လုပ်ငန်းတွေ ပိတ်သိမ်းလာကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.