ထီးလင်း – နိုဝင်ဘာ(၉)
မကွေးတိုင်း ထီးလင်းမြို့မှာ စစ်ကောင်စီတပ်သားတွေက ပြည်သူတွေကို အကြောင်းမရှိအကြောင်း ရှာပြီး ဆက်တိုက်ဖမ်းဆီးနေသလို ဖမ်းဆီးခံရသူတွေကိုလည်း စစ်ကြောင်းထိုးချိန်မှာ လမ်းပြ အဖြစ် အသုံးပြုနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။
စစ်ကောင်စီဟာ ပြည်သူတွေကို ဖမ်းဆီးခဲ့ပြီးနောက် ရဲစခန်းမှာ ချုပ်နှောင်ထား တာမရှိဘဲ စစ်ကြောင်းထိုးချိန်မှာ လမ်းပြအဖြစ်ခေါ်ဆောင်တာတွေလုပ်ဆောင်နေတာပါ။
“ဒီလထဲမှာပဲခြောက်ဦးရှိနေပြီ။ လေးဦးကို စခန်းမှာမတွေ့ရဘူး။ စစ်ကြောင်းထိုး တာကိုလမ်းပြ ခေါ်သွားတာဖြစ်မယ်။ အရင်ကလည်း အဲလိုလမ်းပြခေါ်ပြီးပြန်လွတ်လာတာတွေတော့ရှိတယ်။ မနေ့ညကလည်းNLD အလုပ်အမှူဆောင်အပါအဝင်နှစ်ဦးကို ထပ်ပြီးတော့ဖမ်းတယ်။”လို့ ထီးလင်းဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း ထီးလသ်းမြို့က အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး (၁၅) ရက်ကျော်ကြာပြီးနောက်မှာတော့ အလောင်းကိုသာ ပြန်ပေးခဲ့တယ် လို့သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ ထီးလင်းမြို့ပေါ်က ပြည်သူတွေကို မကြာခဏ ဖမ်းဆီးတာတွေလုပ် ဆောင်နေကာ ငွေပေးပြီး ပြန်လွှတ်ပေးတဲ့ အခြေအနေတွေရှိနေသလို ဖမ်းဆီးခံ ထားရပြီး ပြန်လည် လွှတ်မြောက်လာတာ မရှိတဲ့သူတွေလည်း (၁၀) ဦးကျော်ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်သတ်ဖြတ်ခံရပြီး ကျဆုံးခဲ့သူ (၂၄၂၄) ဦးအထိရှိနေပြီး ဖမ်းဆီးခံထားရသူ (၁၆၁၁၆)ဦး ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်