တနင်္သာရီ၊ နိုဝင်ဘာ (၁၀)

တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် မြို့နယ်တိုင်းလိုလိုမှာ နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ တနင်္သာရီတိုင်းကို ထိန်းချုပ်ဖို့အတွက် ပြီးခဲ့တဲ့ အောက်တိုဘာလအ လယ်ကစပြီး ထားဝယ်၊ ရေဖြူ ၊ သရက်ချောင်း၊ ပုလော၊ လောင်းလုံး၊ ဘုတ်ပြင်းနဲ့ တနင်္သာရီမြို့နယ်တွေထဲမှာ ကြည်းကြောင်းအပြင် ရေးကြောင်းအတွက်ပါ စစ်ရေးပြင်ဆင်ထားပါတယ်။

စစ်ရေးပြင်ဆင်ထားတဲ့ စစ်ကောင်စီတပ်ဟာ အခုအခါမှာတော့ တနင်္သာရီတိုင်းထဲက ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တွေ ရှိနိုင်တဲ့ နေရာတွေကို စစ်ကြောင်းထိုး ဝင်ရောက်လာတာပါ။

စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေ နေ့စဉ်နဲ့အမျှ ပိုမို ပြင်းထန်လာတယ်လို့ ထားဝယ်အရှေ့တော PDF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီဘက်က ရှေ့တစ်လကတည်းက တနင်္သာရီတိုင်းကို အကြီးအကျယ် ထိုးစစ်ဆင်ဖို့ သဘောနဲ့လုပ်ဆောင်နေတယ်လို့တော့ ကျွန်တော်တို့ ကြားသိရတယ်ပေါ့။ အဲဒီအတိုင်းလည်း ထားဝယ်ရော၊ သရက်ချောင်းရော တနင်္သာရီတစ်တိုင်းလုံးအနေအထားနဲ့ ထိုးစစ်ဆင်နေတဲ့ အနေအထားတော့ ရှိတယ်။ တိုက်ပွဲတွေကတော့ နေ့စဉ်ရက်ဆက်ဆိုသလို ပြင်းထန်နေတဲ့ အနေအထားတော့ ရှိတယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ တနင်္သာရီတိုင်းထဲမှာ တပ်အင်အား ၁၀၀၀ထက်မနည်း အသုံးပြုပြီး စစ်ကြောင်းထိုးထားသလို တချို့ဒေသတွေမှာတော့ တပ်အင်အားတိုးချဲ့တာတွေ ဆက်တိုက် လုပ်ဆောင်နေတာပါ။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ပြည်သူတွေအနေနဲ့ ထုတ်ပြန်ချက်ထားတဲ့ စည်းကမ်းချက်တွေကို မဖြစ်မနေ လိုက်နာပေးဖို့နဲ့ လိုအပ်ရင် အကူအညီ တောင်းခံကြဖို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်တွန်းတာပါ။

“ကျွန်တော်တို့ ထုတ်ပြန်ထားတဲ့ အတိုင်းပဲပေါ့နော်။ ဒေသခံပြည်သူတွေ အနေနဲ့ စစ်ကြောင်းထိုးဝင်လာရင် စစ်ဖြစ်တဲ့နေရာနဲ့ ဝေးဝေးနေကြဖို့နဲ့ စစ်ဘေးရှောင်စခန်းတွေလည်း ကျွန်တော်တို့ ကြည့်ထားပါတယ်ပေါ့။ ဆက်သွယ်ပြီးတော့ သွားပေါ့။ အားလုံးဝိုင်းဝန်းပြီးတော့ ကူညီပေးမယ်ပေါ့။ ကျွန်တော်တို့ဘက်ကလည်း ပြင်ဆင်ထားပါတယ်။ သူတို့တွေကိုလည်း အစစအရာရာ အသွားအလာ ဂရုစိုက်ဖို့ သတိပေးထားပါတယ် ခင်ဗျ” လို့ ဆိုပါတယ်။

လက်ရှိမှာ နှစ်ဖက်တိုက်ပွဲတွေကြောင့် တနင်္သာရီတိုင်းထဲက ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာ နေရာတွေနဲ့ နီးစပ်ရာ တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး လူသာချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတာပါ။

တဖက်မှာတော့ စစ်ကောင်စီတပ်ဟာ တနင်္သာရီတိုင်းထဲမှာ စားနှပ်ရိက္ခာနဲ့ ဆေးဝါး သယ်ယူခွင့် ကန့် သတ်ထားသလို နေရာဒေသတချို့မှာလည်း လုံခြုံရေးအကြောင်းပြချက်နဲ့ ပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်ထားပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ လာမယ့်လပိုင်းတွေအတွင်း တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်မှု ဆောင်ရွက်ထားကြဖို့ တိုက်တွန်းတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.