ရန်ကုန် – နိုဝင်ဘာ(၉)
စာရေးဆရာ အကြည်တော် ဟာ ဒီနေ့ နိုဝင်ဘာလ(၉) ရက်နေ့ ည(၈)နာရီခွဲအချိန် ပင်လုံဆေးရုံမှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ မိသားစုဝင်တစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။
စာရေးဆရာအကြည်တော်ဟာ လည်ချောင်းနဲ့ လည်ပြွန်ကြားမှာ ကင်ဆာဖြစ်နေတဲ့အတွက် ထိုင်းနိုင်ငံ မှာဆေးကုသမှုခံယူခဲ့ပြီးနောက် ပြီးခဲ့တဲ့ အောက်တိုဘာလက မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့ တာပါ။
အကြည်တော်ဟာ အဖဦးထွန်းနိုင် နဲ့ အမိဒေါ်ယုနွယ်တို့ရဲ့ မွေးချင်း(၇) ဦးထဲက (၆) ဦးမြောက်သားဖြစ် တယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ်ကစပြီး ကိုကိုကြီးကလောင်အမည်နဲ့ စာပေလောကကို စတင်ဝင်ရောက်လာခဲ့ တဲ့ အကြည်တော်ဟာ ဝတ္ထုပေါင်း (၈၀) ကျော်ရေးသားထားခဲ့သူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
အကြည်တော်ရဲ့ ထင်ရှားတဲ့ ဝတ္ထုတွေမှာ ကျောက်သင်ပုန်းတွေမိုးထားတဲ့အိမ်၊ ကဝေပျို၏နိဒါန်း၊ ခြူဆီ၊ ဆွေတစ်ရာမောင်တစ်ကျိပ်၊ ဇော်က ကနေသည်၊ ပြုံးရွှင်ရေပျော်ရဲ့လား၊ ဘီလူး၊ စောကြည်ဖြူ နှင့်မြင့်စန်းရီ၊ စတဲ့လုံးချင်းဝတ္ထုတွေဟာ လူသိများထင်ရှားတာဖြစ်ပါတယ်။ ဒါ့အပြင် သူခိုး ဝတ္ထုဟာလည်း စစ်အာဏာရှင်ကို သရော်တဲ့ ဝတ္ထုအဖြစ် ပရိသတ်ကြားမှာ ရေပန်းစား ခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်